Home
မြန်မာသတင်း
အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအရေး  ဖြေရှင်းမပေး 
DVB
·
April 29, 2025

အခြေခံစက်ရုံ အလုပ်ရုံက အလုပ်သမားတွေကို အလုပ်ရှင်တွေက အကြောင်းအရင်းမဲ့ အလုပ်ထုတ်တာတွေရှိနေပြီး စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးရာ ဝန်ကြီးဌာနဘက်ကလည်း ဖြေရှင်းမပေးဘူးလို့  ကာယကံရှင်တွေ ဆီကနေ သိရပါတယ်။

ပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့အခြေခံအလုပ်သမားတွေက အခြေခံရပိုင်ခွင့်တွေ တောင်းဆိုတဲ့အခါ အကြောင်းအရင်းမဲ့ အလုပ်ထုတ်ခံရတာတွေရှိနေပြီး အလုပ်သမားရေးရာဝန်ကြီးဌာနကို တိုင်ကြားတဲ့အခါမှာတော့ ဖြေရှင်းပေးနိုင်တာ မရှိကြောင်း ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်ရုံအတွင်းက အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာအတွက် ကိုယ်စားတောင်းဆိုပေးပြီး အလုပ်သမားတွေကိုယ်စားသမဂ္ဂ ဖွဲ့စည်းဖို့ကြိုးစားတဲ့ အလုပ်သမားတယောက်ကို အလုပ်ရှင်က ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အပြင် အလုပ်ထုတ်လိုက်တဲ့အကြောင်း အလုပ်ထုတ်ခံရသူ အလုပ်သမားတယောက်က ပြောပါတယ်။

“ဥပ‌ဒေအရ သူက ငါ့ကို ကိုယ်ထိလက်ရောက်လုပ်လို့မရဘူးလို့ပြောတဲ့ဟာကို စကားပြန် သူက ပြောတာကတော့ ကြိုက်တဲ့နေရာသွားတိုင် ကြိုက်တဲ့နေရာရှင်းမယ် ကြိုက်တဲ့ကောင် ခေါ်လာခဲ့ဆိုပြီး မိုက်ကြေးခွဲတဲ့ပုံစံပြောလို့ ညီမတို့က အလရ မှာ ဒီအကြောင်းကို သွားတိုင်တယ်။ တိုင်ပြီး ဖြေရှင်းတော့လည်း ရုံးချိန်းတွေမှာ ဦးစီးက လုပ်ငန်းရှင်က မကြိုက်ရင် ထုတ်ပိုင်ခွင့်ရှိတယ်ပေါ့၊ သေချာမဖြေရှင်းပေးဘူး တချိန်းပြီးတချိန်းကို ၊ တချိန်းပဲ ပြောလိုက်ရတယ်။ နောက်အချိန်းတွေမှာ သူမရှိတာနဲ့ မအားတာနဲ့ သေချာမချိန်းပေးဘူး၊ တရားစွဲဆိုပါဆိုပြီး စာကြီးပဲ ထုတ်လာတယ်။ အဲဒီအပေါ်မှာ ညီမ တခုတရားစွဲဆိုနေရတယ်ပေါ့၊ တဖက်က ကျူးလွန်တဲ့သူကပဲ အသာစီးရနေတယ်ဆိုတဲ့ပုံစံဖြစ်နေတာ၊ အဲတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရတော့ လုံးဝ အဆင်ပြေမနေဘူးပေါ့။”

အဲဒီအလုပ်မှာပဲ အလုပ်သမားအခွင့်အရေးတောင်းဆိုသူနဲ့ သမဂ္ဂဖွဲ့ဖို့ ကြိုးစားသူ အလုပ်သမားတိုင်းကို အလုပ်ရှင်ဘက်က အကြောင်းရှာပြီး အလုပ်ထုတ်ခဲ့တာရှိကြောင်းကိုလည်း ဆက်ပြောပါတယ်။

တိုင်းပြည်အခြေအနေကြောင့် အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို အများအပြား ကျူးလွန်လာကြပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကြောင့်ပါ အလုပ်ထုတ်တာမျိုး တွေရှိကြောင်း သိရပါတယ်။

လက်ရှိမှာ အကြောင်းအရင်းမဲ့ အလုပ်ထုတ်တဲ့အမှုတွေ များပြားလာကြောင်းကို အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ-STUM မှ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“အလုပ်ထုတ်ပလိုက်တာပေါ့။ ဘာမှမပြောတော့ဘူး အလုပ်ထုတ်လိုက်တာ။ သမဂ္ဂဖွဲ့ရင် အလုပ်ထုတ်က စက်ရုံထဲမှာ သမဂ္ဂဖွဲ့ဖို့ စည်းရုံးတယ်ဆိုတာနဲ့ အလုပ်ထုတ်တာ။ နောက်တခါ လုပ်ခလစာ တိုးတောင်းတယ်။ လုပ်ငန်းခွင်ရဲ့ မမျှတတဲ့ လုပ်ငန်းခွင်အခြေအနေတွေမှာ စုပေါင်းတောင်းဆိုမှုတွေ ပြုဖို့အတွက် ဦးစီးဦးဆောင် လုပ်တဲ့သူမျိုးတွေကို ချက်ချင်း အစစ်အဆေး အမေးအမြန်းမရှိ ထုတ်လိုက်တယ်။ ဥပဒေအတိုင်း warning ထိုးမယ် warning ပြည့်မှ ထုတ်မယ် ဒါမျိုးမလာဘူး၊ အပြစ်ပေး အရေးယူဖို့ ကြိုးစားတယ် တရားစွဲတယ် အမှုဖွင့်တယ် သူတို့မှာက ငွေရှိတယ်၊ အာဏာရှိတယ်ဆိုတဲ့အခါကျတော့ အလုပ်သမားတွေပေါ်မှာ လုပ်ချင်တာ တွေလုပ်နေတာပေါ့။”

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရဲ့ ခန့်မှန်းချက်အရ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှု မတိုင်ခင်က အထည်ချုပ်လုပ်သား ၇ သိန်းရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၄၈၀,၀၀၀ အထိ လျော့ကျသွားပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ Business ‌and Human Rights Resource Centre ရဲ့ အချက်အလက်တွေအရ အထည်ချုပ်လုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၅၅၆ ခုအထိရှိကြောင်းသိရပါတယ်။

ဝေဝေ

အလုပ်သမား
အလုပ်ထုတ်ခံရ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013