Home
မြန်မာသတင်း
ကျုံပျော်တွင် ဖမ်းဆီးခံရသည့် အရပ်သားများ အမှုဖွင့်မခံရရန် သိန်း ၅၀ အထိ ပေးနေရ 
DVB
·
April 28, 2025

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်မခံရဖို့အတွက် လူတယောက်ကို ငွေကျပ် ၅၀ သိန်းထက်မနည်း ခြိမ်းခြောက်တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ရဲတွေက အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ ထောက်ပို့တွေလို့ စွပ်စွဲကာ အရပ်သားတွေကို ဖမ်းဆီးထားပြီး ပြစ်မှုကြီးလေးတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် မခံရစေဖို့ မိသားစုတွေဆီကနေ တယောက်ကို ကျပ်သိန်း ၅၀ ထက်မနည်း တောင်းယူနေတာလို့ ဆိုပါတယ်။ 

ကျုံပျော် ဒေသခံတယောက်က “ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး အဖမ်းခံရတာတွေရှိတယ်။ ဘယ်လို စွပ်စွဲပြီး ဖမ်းဖမ်း၊ ဖမ်းပြီးရင် ပြန်လွတ်ချင်ရင် ထောင်ချမခံနိုင်ရင် ကြေးကြီးတယ်လို့ ပြောတောင်းတာ။ အမှုအဖွင့်မခံချင်ရင်တော့ တောင်းတဲ့ ပမာဏလေး လုပ်ပေးလို့ ပြောတာ။ သိန်း ၅၀ လောက် ပေးရတယ်။ ပြန်လွှတ်ပေးရင် ပြီးရောလေ။ သူတို့က အဆင်ပြေအောင် လုပ်ပေးတာပေါ့နော်။ ဒါကို အပြင်မှာ ပြန်ပြောရင် ထပ်ဖမ်းမယ်လို့ တခါတည်းပြောလိုက်တာ” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ အဲဒီလိုပုံစံနဲ့ ဖမ်းဆီးငွေညှစ်ခံရသူ အနည်းဆုံးယောက် ၃၀ အထိ ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အရပ်သားတွေကို ဖမ်းဆီးရာမှာလည်း ရိုက်နှက်စစ်ဆေးတာတွေပါ လုပ်ပြီး PDF တွေကို အဆက်အသွယ် လုပ်တဲ့သူမှန်သမျှ သတ်ပစ်လို့ ရတယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူဝန် ထမ်းတယောက်က “ဖြစ်စဉ်တွေက မှန်တယ်၊ ခေတ်မကောင်းတာကို အသုံးချနေတာ။ တောင်းတဲ့ငွေ မပေးရင်လည်း အချောင်သက်သက် နာမည်ပျက် ထောင်ချခံရမှာဆိုတော့ တိုင်တော့လည်း အကြောင်းမထူးတော့ အရပ်သားတွေက ငွေနဲ့ပဲ ဖြေရှင်းနေကြတာ” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီး ငွေညှစ်တဲ့ဒဏ်ကို ကျေးလက်နေ ပြည်သူတွေမှာ အဓိက ခံစားနေရတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရပြီး ငွေပေးလို့ ပြန်လွတ်လာသူတွေထဲက တချို့ဒေသခံတွေဟာ နောက်တကြိမ် စစ်ကောင်စီတပ်နဲ့ ရဲတွေက လာဖမ်းဆီးမှာကို စိုးရိမ်ပြီး တခြားဒေသကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။ 

ရဲ
စစ်တပ်
အရပ်သား
အမှုဖွင့်
ကျုံပျော်
ခြိမ်းခြောက်ငွေညှစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013