Home
မြန်မာသတင်း
နေပြည်တော်တွင် ဓနိချပ် ၁၀၀ ကို ကျပ် ၅၀,၀၀၀ အထိ စံချိန်တင်ဈေးတက်
DVB
·
April 23, 2025

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး နေပြည်တော်မှာ အိမ်ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ဓနိတွေ အချပ် ၁၀၀ ကို ကျပ် ၅၀,၀၀၀ အထိ စံချိန်တင်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီးမှာ နေအိမ်တွေ ဆောက်လုပ်ရာမှာ အဓိကအသုံးပြုကြတဲ့ ပြည်တွင်းထွက် ဓနိချပ်တွေက အချပ် ၁၀၀ ကို ကျပ် ၅၀,၀၀၀ အထိ ဈေးမြင့်တက်လာတာလို့ ဆိုပါတယ်။ 

နေပြည်တော်က ငလျင်ဒဏ်သင့် ဓနိဝယ်ယူသူ တယောက်က “ဘာဆိုင်လဲတော့ မသိဘူး။ ငလျင်လှုပ်ပြီးတာနဲ့ ဓနိချပ်ဈေးက ထိုးတက်သွားတာ။ တခါမှ ဒီလောက် ဈေးမတက်ခဲ့ဖူးပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဈေးတက်ကာမှ ၂၀၀၀ ကျော်ပဲ ရှိခဲ့တာ” လို့ ပြောပါတယ်။ 

ငလျင်မလှုပ်ခတ်ခင် ဖေဖော်ဝါရီလနဲ့ မတ်လ တတိယအပတ်က ဓနိချပ် ၁၀၀ ကို ကျပ် ၂၅,၀၀၀ ကနေ ၂၇,၀၀၀ အထိသာ အမြင့်ဆုံးဈေးရှိခဲ့ပြီး သင်္ကြန်ကာလပြီးနောက် ဓနိချပ် ၁၀၀ ကို ကျပ် ၃၅,၀၀၀ အထိ ဈေးတက်လာပြီး လက်ရှိ ဧပြီ ၂၃ ရက်အထိ ဓနိချပ် ၁၀၀ ကို ကျပ် ၅၀၀၀ ၀ အထိ ဈေးတက်လာတာလို့ ဆိုပါတယ်။ 

ဝယ်ယူအားများပြီး ဝင်တဲ့ ကုန်ပစ္စည်း နည်းနေတာကြောင့် ဈေးတက်တာလို့ ယူဆပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားအခက်အခဲတွေကြောင့် ဒီဘက်ကို ဓနိတွေ အဝင်နည်းနေတယ်လို့ နေပြည်တော်က အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ 

လက်ရှိအချိန်ဟာ နေပြည်တော်အပါအဝင် နေရာဒေသ အများစုမှာ ငလျင်ဒဏ်ကြောင့် နေအိမ် ပျက်စီးသူတွေက နေအိမ်တွေ အသစ်ပြန်တည်ဆောက်နေပြီး မိုးကာလ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် နေအိမ်ပြုပြင်သူတွေကြောင့် ဓနိတွေ အဝယ်များနေတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ရောင်းချတဲ့ ဓနိချပ်တွေဟာ ဧရာဝတီတိုင်းကနေ တင်သွင်းပြီး ပြန်လည်ရောင်းချတဲ့ ဓနိတွေ ဖြစ်ပြီ ၂၀၂၄ ခုနှစ်က ဓနိချပ် ၁၀၀ ကို ကျပ် ၁၂,၀၀၀ အထိသာ ဈေးရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ဓနိချပ် ၁၀၀ ကိုကျပ် ၅,၀၀၀ အထိသာ ဈေးရှိခဲ့တာလို့ ဆိုပါတယ်။

ဈေးတက်
ဓနိချပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013