Home
မြန်မာသတင်း
ရန်ကုန်၌ လျှပ်စစ်မီးမှန်အောင်မရသော်လည်း မီတာခ ၂ ဆနီးပါးတက် 
DVB
·
April 23, 2025

ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို အချိန်ပိုင်းသာပေးနေပေမဲ့ မီတာခမှာ ၂ ဆနီးပါး မြင့်တက်သွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။ 

မတ်လအတွက် မီတာခထွက်လာချိန်မှာ အိမ်သုံးမီတာတွေအနေနဲ့ အရင်လတွေထက် ၂ ဆလောက် မြင့်တက်သွားတဲ့ အခြေအနေနဲ့ ကြုံရတာလို့ ဆိုပါတယ်။ 

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “မီးက ပုံမှန်အချိန်ပိုင်းပဲရတာ။ အရင်လတွေက ၃ သောင်းလောက်ပဲ ပုံမှန်ကျတာ။ ဒီလအတွက် စာရင်းထွက်လာတော့ ၅၆,၀၀၀ တောင်ကျတယ်။ ကိုယ့်တအိမ်တည်း မီတာမှားဖတ်တယ်ထင်တာ၊ တခြားသူတွေလည်း မီတာခတွေ တက်လို့ ပြောနေကြတယ်” လို့ ပြောပါတယ်။ 

ရန်ကုန်မြို့မှာ လူနေရပ်ကွက်တွေကို အုပ်စုခွဲကာ ၄ နာရီခြား မီးပေးတဲ့ စနစ်အပြင် ဓာတ်အားလိုအပ်ချက်ကြောင့် ဆိုပြီး ၄ နာရီ မီးပေး၊ ၈ နာရီ မီးဖြတ်တဲ့စနစ်ကိုလည်း ကြုံသလို ကျင့်သုံးနေတာလို့ မြို့ခံတွေက ဆိုပါတယ်။ 

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ နေထိုင်သူတယောက်က  “အလှည့်ကျပေးတာတောင် မမှန်ဘူး။ မီးသာမမှန်တာ မီတာခက လျော့သွားတယ်မရှိဘူး။ အရင်လကဆို မီးက တော်တော်ကိုပျက်တာ၊ ဒါကို မီတာခက ထပ်တောင် တိုးသွားသေးတယ်” လို့ ပြောပါတယ်။ 

စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကစပြီး ရန်ကုန်​မြို့မှာ ရက်ပိုင်းအကြာ တရက်ကို လျှပ်စစ်မီး ၄ နာရီလောက်ပဲ ရတော့တဲ့အထိ အခြေအနေဆိုးရွားမှုနဲ့ ကြုံခဲ့ရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ သင်္ကြန်ရက်ရှည် ပိတ်ရက်အတွင်းမှာတော့ မီးပေးချိန် အနည်းငယ်ပိုခဲ့ပေမဲ့ ဧပြီ ၂၂ ရက်မှာတော့ ၄ နာရီမီးပေးပြီး ၈ နာရီဖြတ်တဲ့ နည်းလမ်း ပြန်သုံးလာတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာလည်း လျှပ်စစ်ဌာနကနေ ငလျင်ဒဏ်သင့်လို့ ပျက်စီးခဲ့တဲ့ နေအိမ်တွေ မီတာခပေးဆောင်ဖို့ အသိပေးမှုတွေရှိလာတဲ့အပေါ် ဝေဖန်နေကြပါတယ်။

မီတာခ
ရန်ကုန်
လျှပ်စစ်မီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013