Home
မြန်မာသတင်း
ငလျင်ကြောင့် ရေပေးရေးစနစ်ပျက်စီး၊ အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျ
DVB
·
April 21, 2025

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် ရေပေးရေးစနစ်တွေ ပျက်စီးကုန်ပြီး အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့ရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်း အခက်အခဲရှိနေကြသလို အခြေအနေတွေ ပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူဦးရေ ၁ သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ် အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေးအကူအညီတွေပေးသွားဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာတော့ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး ဒါဟာ ဘေး အန္တရာယ်မကျရောက်ခင်က ၁ ဒသမ ၁ သန်းကနေ မြင့်တက်လာတာလို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒ သမ ၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် နေထိုင်ရာ ဒေသတွေက နေအိမ်အဆောက်အအုံ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တာပါ။

လူပေါင်း ၉ ဒသမ ၁ သန်းကျော် မှီခိုနေထိုင်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသတွေကတော့ ငလျင်ဒဏ် အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသတွေဖြစ်ပြီး အဲဒီထဲက လူပေါင်း ၆ ဒသမ ၃ သန်းက အရေးပေါ်အကူအညီနဲ့ အကာအကွယ်တွေ လိုအပ်နေတယ်လို့ ခန့်မှန်းရသလို အကူအညီလိုအပ်နေသူဦးရေဟာ ငလျင်ကြောင့်  ၂ သန်းလောက် တိုးလာခဲ့တယ်လို့ (UN OCHA) က ဆိုပါတယ်။

ဒါ့အပြင် ရာနဲ့ချီတဲ့ နောက်ဆက်တွဲငလျင်တွေကြောင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ပိုပြီးတော့ များပြားလာခဲ့သလို သဘာဝဘေးအန္တရာယ် မဖြစ်ခင်ကတည်းက ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ရာသီဥတုဘေးအန္တရာယ်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့်လည်း ခန့်မှန်း လူဦးရေ ၁၉ ဒ သမ ၉ သန်းလောက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးဌာနရဲ့ ပဏာမအချက်အလက်တွေအရ ငလျင်ကြောင့် နေအိမ် ၄၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်သွားကာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားမှာလည်း ထပ်မံပျက်စီးစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အိမ်သာ
ငလျင်ဘေးသင့်ဒေသ
ရေပေးဝေရေးစနစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013