Home
မြန်မာသတင်း
ငလျင်လှုပ်ပြီးနောက် ဆောက်လုပ်ရေးသုံး ဘိလပ်မြေဈေး ၃ ဆ တက်
DVB
·
April 19, 2025

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံပေါင်း ၅၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ငလျင်နောက်ပိုင်း ပြည်တွင်းမှာ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ဘိလပ်မြေဈေးတွေ ၃ ဆ နီးပါးလောက် မြင့်တက်လာပါတယ်။

ပြည်ပက တင်သွင်းတဲ့ ဘိလပ်မြေတွေ ရန်ကုန်ဆိပ်ကမ်းကို ထပ်မံရောက်ရှိလာကြောင်း စစ်ကောင်စီ အာဘော်သတင်းစာက ဧပြီ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ဒီကာလအတွင်း ပြည်တွင်းမှာ လိုအပ်တဲ့ ဘိလပ်မြေကို တင်သွင်းခွင့်ပေးထားပေမဲ့ သင်္ကြန်ကာလကတည်းက ဘိလပ်မြေဈေး ၃ ဆလောက် တက်လာတယ်လို့ ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးနဲ့ နီးစပ်တဲ့ ပြည်တွင်းနေထိုင်သူတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာနေထိုင်သူတယောက်က “ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ဘိလပ်မြေဈေးက ပိုတက်သွားတာပေါ့နော်။ ငလျင်လှုပ်ပြီးနောက်ပိုင်း သင်္ကြန်မရောက်ခင်မှာ တအိတ်ကို ကျပ် ၃၈၀၀၀ ဖြစ်သွားတယ်။ သင်္ကြန်တွင်းမှာကျတော့ ကျပ် ၄၃၀၀၀၊ ၄၀၀၀၀ အထိ တက်သွားတယ်။ ဒါတောင် နာမည်သိပ်မကြီးတဲ့ အမျိုးအစားထဲကပေါ့နော်။ ဈေးက အဆမတန် တက်သွားပေမဲ့ ဆိုင်တွေ ပြောတာက အဝယ်တော့ နည်းတယ်။ ပုံမှန်ထက် အဝယ်တော့ အေးတယ်။ အရင်ပုံမှန်ဈေးက ဘိလပ်မြေတအိတ်ကို ကျပ် ၁၇၅၀၀ အဲ့ဝန်းကျင်ကနေ အခုက ၄၀၀၀၀ ကျော်၊ ၅၀၀၀၀ လောက်အထိ ပေါက်တယ်ဆိုတော့ ၃ ဆလောက်တက်တယ် ပြောရမှာပေါ့”လို့ ပြောပါတယ်။

ဘိလပ်မြေဈေးနှုန်းက မတ်လ ၂၈ ရက် ငလျင်မတိုင်ခင်က ၁ အိတ်ကို ကျပ် ၁၆၀၀၀၊ ၁၇၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ ငလျင်လှုပ်ပြီးနောက်ပိုင်း တအိတ်ကို ကျပ် ၃၈၀၀၀ ကနေ ၄၀၀၀၀ ကျော်၊ ၅၀၀၀၀ ဝန်းကျင်အထိ အစားစား ဈေးတက်လာတာ ဖြစ်ပါတယ်။

ငလျင်ဘေးဒဏ် ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာဆိုရင်လည်း ဘိလပ်မြေဈေးက ငလျင်မတိုင်ခင် တအိတ်ကို ကျပ် ၂၀၀၀၀ အောက် ရှိခဲ့ရာကနေ ငလျင်လှုပ်ပြီးနောက် တအိတ်ကို ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ ၃ ဆ နီးပါး တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ခံ ကိုပြည့်ဖြိုးက “ဘိလပ်မြေဈေးတွေက တအိတ်ကို ကျပ် ၅၀၀၀၀ လောက် ရှိမယ်။ အရင်က တအိတ်ကိုကျပ်  ၂၀၀၀၀ ကနေ အရင်ကထက် ၂ ဆ၊ ၃ ဆ နီးပါးလောက် ခုန်တက်သွားတယ်။ Demand (ဝယ်လိုအား) ကြောင့်ရော၊ စီးပွားရေးလုပ်ငန်းရှင်တွေက အမြတ်ထုတ်တဲ့ အနေအထားကြောင့်ရောပေါ့။ ဘိလပ်မြေဈေးမှ မဟုတ်ဘူး၊ တခြားဆောက်လုပ်ရေး ပစ္စည်းတွေပါ တက်သွားတဲ့အနေအထားပေါ့။ ဒါပေမဲ့ ဒီရိုက်ခတ်မှုက အရမ်းပြင်းသွားတာ ဖြစ်တဲ့အတွက် အရောင်းအဝယ် ဈေးကွက်ကလည်း ပိုပြီး အေးလာတယ်။ နဂိုကမှ အရောင်းအဝယ်ဈေးကွက်က တော်တော် အေးသွားတဲ့အနေအထားမှာ အခုဆိုရင် အဆင့်မြင့်တိုက်တွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ အကုန်လုံးက အရောင်းအဝယ်က တော်တော်လေး ဟသွားတဲ့အနေထား ရောက်သွားတာပေါ့”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ် အဆောက်အအုံ များတာကြောင့် ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်နေသလို၊ ပြည်တွင်းမှာလည်း စက်ရုံတွေ ပုံမှန် မလည်ပတ်နိုင်တာတွေကြောင့် ဘိလပ်မြေဈေး မြင့်တက်လာတာဖြစ်ကြောင်း အဲဒီ လုပ်ငန်း အသိုင်းအဝန်းကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ ရက်ချ်တာစကေး အင်အားပြင်း ငလျင်ကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘာသာရေးအဆောက်အအုံပေါင်း ၃၉၀၀ ကျော်၊ ဘုရားစေတီပေါင်း ၅၆၀၀ ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၂၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဇွဲသစ်

ငလျင်လှုပ်
ဘိလပ်မြေ
ကုန်ဈေးနှုန်းမြင့်တက်
ဆောက်လုပ်ရေးသုံးပစ္စည်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013