Home
မြန်မာသတင်း
ငလျင်ကြောင့် စာသင်ကျောင်းပေါင်း ၂၀၀၀ နီးပါးပျက်စီးပြီး ကလေးငယ်ပေါင်းသိန်းချီ ပညာသင်ရန် အခက်ကြုံ  
DVB
·
April 16, 2025

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီး ကျောင်းအများစုကိုလည်း အရာအားလုံး ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေအတွက် ယာယီခိုလှုံစရာ နေရာအဖြစ် ပြောင်းလဲ အသုံးပြုနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။ 

ကလေး သိန်းပေါင်းများစွာဟာ သူတို့ရဲ့ စာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲ ကျန်ခဲ့ပြီး စာသင်ကြားဖို့နဲ့ ကစားဖို့တောင် အခြေခံပစ္စည်းတွေ မရှိကြတော့သလို  သူတို့ရဲ့ ပညာရေးနဲ့ ပုံမှန်ဘဝကို ပြန်လည်ရရှိဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်လို့လည်းဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဟာ ထိခိုက်မှု အပြင်းထန်ဆုံးထဲက ကလေး ၁၁၀,၀၀၀ အတွက် အကူအညီတွေ ပေးအပ်ဖို့ ဆောင်ရွက်နေပြီး ဘေးကင်းတဲ့ သင်ကြားရေးနေရာ၊ ဆရာ/ဆရာမတွေအတွက် သင်တန်းနဲ့ အဓိကလိုအပ်တဲ့ သင်ကြားရေး ပစ္စည်းတွေ ထောက်ပံ့သွားမယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီ ၁၁ ရက်ထိ သေဆုံးသူ ၄၃၅၅  ယောက်ရှိပြီလို့  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် အင်အားပြင်းငလျင်ကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ လမ်းတံတားတွေ အများအပြား ပျက်စီးသွားတာ ဖြစ်ပါတယ်။

စာသင်ကျောင်း
ကလေးသူငယ်
ပညာသင်ကြားရေး
ငလျင်ဘေးသင့်ပြည်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013