Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ဌာနဆိုင်ရာဝန်ထမ်းများ ယာယီဖွင့်ထားသည့်ရုံးများတွင် ရုံးတက်ရမည်
DVB
·
April 11, 2025

ငလျင်ဒဏ်သင့်ခဲ့တဲ့ နေပြည်တော်ရှိ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ပြည်လည်ထူထောင်ရေးကာလမှာ ယာယီဖွင့်လှစ်ထားတဲ့ရုံးတွေမှာ ရုံးတက်ရမယ်လို့  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

နေပြည်တော်မှာ မနေ့ကလုပ်တဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၃/၂၀၂၅ မှာ ပြောဆိုခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးက “ပျက်စီးသွားတဲ့ ဌာနဆိုင်ရာရုံးအဆောက်အအုံတွေကို အမြန်ဆုံးပြုပြင်နေပြီး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေကာ မပြီးသေးပါက ယာယီရုံးတွေမှာ ရုံးတက်ရမှာ"လို့ ပြောဆိုခဲ့တယ်။

ငလျင်ဘေးဒဏ်သင့်တာချင်းအတူတူ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေထက် သူရဲ့တပ်ရင်းတပ်ဖွဲ့တွေကို ပိုပြီးကူညီတယ်လို့ ဇမ္မူသီရိမြို့ခံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ဇမ္မူသီရိမှာ အပြင်လူထက် ဌာနဆိုင်ရာဝန်ထမ်းတွေသေတာများတယ်။ ရုံးအဆောက်အအုံကြီး ၆၀ ကျော်တယ် ပြိုကျတာ၊  သေတာ ၂၀၀ နီးပါးရှိတယ်။ ကိုယ့်သောကနဲ့ကိုယ်ဖြစ်နေချိန်မှာ အတင်းရုံးတက်ခိုင်းတာ။ ကူညီပေးတော့ စစ်တပ်က သူ့တပ်ရင်းတပ်ဖွဲ့ပဲ ကူညီတာ” လို့ ပြောပါတယ်။

ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော် သေခဲ့တဲ့ ပျဥ်းမနားမြို့နယ်မှာ ပျက်စီးသွားတဲ့ ရုံးအဆောက်အအုံတွေကို အနီရောင်၊ လိမ္မော်ရောင်နဲ့ အပြာရောင်အဆင့်သတ်မှတ်ကာ စစ်ဆေးနေပြီး ဧပြီလကုန်မှာ ရုံးလုပ်ငန်းတွေဆောင်ရွက်ဖို့ စာပေးပို့တယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“သေသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေဆို ငိုလို့တောင် မျက်ရည်မခြောက်သေးဘူး၊ ရုံးကိစွတွေ တပ်က ပြန်လုပ်ခိုင်းတာ။ မေးချင်တာ လူစိတ်ရှိလားဆိုပြီး။ ပျဥ်းမနားမှာ ၁၃၂ ယောက် သေတယ်၊ အဲ့ထဲမှာ ဝန်ထမ်းကအများဆုံးပဲ။” 

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည််တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်မှာ သေဆုံးသူ ၄၇၈ ယောက် နဲ့ ထိခိုက်ဒဏ်ရာရသူ ၈၃၅ ယောက်ရှိတယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ဝန်ထမ်းတွေ ကောက်ယူထားတဲ့စာရင်းမှာ သေဆုံးသူ ၆၁၄ ယောက်ရှိတယ်လို့ သိရပါတယ်။

ဝန်ထမ်း
ငလျင်ဒဏ်သင့်
ယာယီ
ရုံး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013