Home
မြန်မာသတင်း
အထောက်အထားမဲ့ မြန်မာကလေးများကို စာသင်ပေးသည့် ထိုင်းကျောင်းအုပ်ဆရာမ တရားစွဲခံရ
DVB
·
April 10, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းခရိုင်၊ ပါမုတ်မြို့နယ် ထိုင်းရတ်ဝိထယား (နယ်မြေ - ၆) အလယ်တန်းကျောင်းမှာ အထောက်အထားမဲ့ မြန်မာကလေးသူငယ် ၁၂၆ ဦးကို လက်ခံ ပညာသင်ကြားပေးတာနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးနဲ့တကွ စုစုပေါင်း ၅ ယောက်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းက တရားစွဲလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကျောင်းအုပ်ဆရာမကြီး ကလျာထားဆုခ်၊ လက်ထောက် ဆရာ၊ ဆရာမတွေနဲ့  ရပ်ကွက်လူကြီး အပါအဝင် စုစုပေါင်း ၅ ဦးကို  တရားမဝင် ဝင်ရောက်လာသူတွေအား လက်ခံကာ နေရာထိုင်ခင်းပေးထားတာ၊ ဖမ်းဆီးမခံရအောင် အကာအကွယ်ပေးတာနဲ့ နိုင်ငံတွင်း ဝင်ရောက်နိုင်အောင် အကူအညီပေးတာ၊ အစိုးရဝန်ထမ်းတွေ လိုက်နာရမယ့် ကျင့်ဝတ် ချိုးဖောက်တာ၊ ဝန်ထမ်းရာထူးကို အလွဲသုံးစားပြုတာ စတဲ့ လဝကဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွေနဲ့ ပါမုတ်နယ်မြေရဲစခန်း ဒုရဲမှူး နိဆစ် နယူးရနုဆစ်က တရားလိုပြုပြီး ၂၀၂၅ ဧပြီ ၇ ရက်နေ့မှာ တရားစွဲလိုက်တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ 

တရားစွဲခံရသူ ကျောင်းအုပ်ကြီးနဲ့ ဝန်ထမ်းတွေကတော့ စွဲချက်တွေကို ငြင်းဆိုထားပြီး လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ အမှုကို ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပညာရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံမဲ့ကလေးသူငယ်များ ပညာရေးစီမံခန့်ခွဲမှုကော်မတီ အလုပ်အမှုဆောင် နိုင်းစူရဖုန်း ကောင်းကျန်ထိုတ်ကတော့ - ရဲစခန်းက တရားစွဲမှုဟာ နိုင်ငံမဲ့ကလေးများဆိုင်ရာ ပညာရေးဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။  

ထိုင်းနိုင်ငံမှာ ၂၀၀၅ ခုနှစ်က Education for all ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထိုင်းနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တိုင်း ပညာသင်ကြားခွင့်ရှိရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်တွေ ရေးဆွဲရာမှာ သူလည်း ပါဝင်ခဲ့တယ်၊ နိုင်ငံထဲ ရောက်ရှိနေတဲ့ ကလေးတွေကို ပညာသင်ပေးဖို့  ငြင်းပယ်ခြင်းမရှိရ ဆိုတဲ့အချက် ပါဝင်တယ်၊ ကလေးတွေမှာ အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးကို ပညာသင်ပေးရမှာ ဖြစ်တယ်၊  ရပ်ကွက်လူကြီးတွေအနေနဲ့လည်း မိမိနယ်မြေထဲ ရောက်ရှိနေတဲ့ ပြည်သူတွေကို  ကြည့်ရှုစောင့်ရှောက်ရမယ်လို့  ဥပဒေမှာပါရှိတယ်၊ ဒါကြောင့် ကျောင်းအုပ်ဆရာမကြီးနဲ့ လက်ထောက်ဆရာ/ဆရာမတွေမှာ အပြစ်မရှိဘူးလို့ နိုင်းစူရဖုန်းက ပြောပါတယ်။ 

ကျောင်းအုပ်ဆရာမကြီးကလည်း - ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်၊ သူတို့ဟာ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် အင်အားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက ကောင်းမွန်စွာသွန်သင်ဆုံးမ ပြုစုပျိုးထောင်မှ အရွယ်ရောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်မှာ ဖြစ်တယ်။ ဒီကလေးတွေမှာလည်း သူ့အရည်အချင်းနဲ့သူ ရှိတယ်၊ သူတို့တွေလည်း ကိုယ့်ဘဝကိုယ် မြှင့်တင်လိုတဲ့ဆန္ဒ ရှိတယ်၊ ဒီလို စာသင်ကြားပေးရတာ စေတနာနဲ့ လုပ်ခဲ့တာ ဖြစ်တယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရာရာကို စာအုပ်ကြီးထဲကအတိုင်း လုပ်တာထက် အောက်ခြေ မြေပြင်အခြေအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသင့်တယ်လို့ ပြောကြောင်း Transbordernews သတင်းမှာ ဖော်ပြပါတယ်။ 

ရဲစခန်းကတော့ ကျောင်းအုပ်ကြီးတို့ရဲ့ အမှုတွဲကို လာမယ့် မေ ၁ ရက်နေ့မှာ ဆရပူရီခရိုင် တရားရုံးကို ဆက်လက်တင်ပြသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းဥပဒေအရ တရားမဝင်သူတွေအား နိုင်ငံတွင်းကို ခေါ်ဝင်လာတာ၊ အဖမ်းဆီးမခံရအောင် အကာအကွယ်ပေးတာနဲ့  မှီခိုစရာ လက်ခံထားရှိခြင်းရှိပါက ထိုသူကို ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ်ချိုးဖောက်ပါက ထောင်ဒဏ်အနည်းဆုံး ၁ နှစ်မှ အများဆုံး ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂ သောင်းမှ ၂ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ သတ်မှတ်ထားပါတယ်။ 

အဆိုပါစာသင်ကျောင်းမှ လက်ခံပညာသင်ပေးနေတဲ့ ကလေးသူငယ်အများစုမှာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တောင်ပေါ်ဒေသမှ အခါ တိုင်းရင်းသားတွေဖြစ်ပြီး သူတို့ဟာ နယ်စပ်ဖြတ် ကျော်ကာ ချင်းရိုင်းမြို့နယ်ရှိ မိဘမဲ့ကလေးကျောင်းမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ 

အတန်းကြီးလာတဲ့ ကလေးတချို့ဟာ အန်ထောင်း ထိုင်းရတ်ဝိထယားကျောင်းကို ပြောင်းရွှေ့ သင်ကြားတယ်၊ သင်ကြားမှုနဲ့ စည်းကမ်းကောင်းမွန်တာကြောင့် ကျန်ကလေးတွေလည်း အဲဒီကျောင်းမှာ ဆက်သင်ဖို့ စိတ်ဝင်စားကြတယ်။ ယခင်က ကလေး ၁၀ ဂဏန်း သာရှိစဉ်က ဘာပြဿနာမှမရှိဘဲ ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ်က အထောက်အထားမဲ့ ကလေး ၁၀၀ ကျော် လက်ခံထားလို့  အတိုင်ခံရပြီး သက်ဆိုင်ရာက လာရောက်စစ်ဆေးကာ ကလေး ၁၂၆ လုံး နယ်စပ်ကို ပြန်ပို့လိုက်သလို ဆရာ၊ ဆရာမတွေလည်း ခုလို အမှုအခင်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ နယ်စပ်ဒေသ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းတွေမှာ အထောက်အထားမဲ့ကလေး စုစုပေါင်း  တသိန်းကျော် ပညာသင်ကြားနေတယ်လို့  နိုင်ငံမဲ့ကလေးသူငယ်များ ပညာရေးစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

Source:  Khaosod News / Transborders News

တရားစွဲ
မြန်မာကလေးသူငယ်
မြန်မာရွှေ့ပြောင်းကျောင်းသား
ထိုင်းကျောင်းအုပ်ဆရာမ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013