Home
မြန်မာသတင်း
ငလျင်ဘေးသင့် ဒေသတွင် အရေပြား၊ ဝမ်းလျှောရောဂါနှင့် ကူးစက်ရောဂါများဖြစ်ပွား
DVB
·
April 10, 2025

ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေမှာ ငလျင်နောက်ဆက်တွဲ အနေနဲ့ အရေပြားယားယံတာနဲ့ ဝမ်းပျက်၊ဝမ်းလျှောရောဂါ စတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနေလို့ သေဆုံးသူတွေရဲ့ အလောင်းတွေ ရှာဖွေတာတွေကို အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ ဆရာဝန်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက်ပိုင်း နေအိမ်တွေ ပျက်စီးသွားတဲ့အတွက် ပြည်သူတွေဟာ လမ်းမတွေမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပြီး အပူဒဏ်ပြင်းတဲ့အတွက် အရေပြားယားယံနာတွေ ဖြစ်ပွားနေကြတာပါ။

အသက် ၅ လဝန်းကျင်အရွယ် ကလေးငယ်တွေကစကာ လူကြီးအရွယ်တွေအထိ အရေပြား ယားယံနာတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ လူအများအပြား စုနေကြရတဲ့အတွက် သန့်ရှင်းမှုအားနည်းတာနဲ့ အိမ်သာ မလုံလောက်မှုတွေ ကြုံနေကြရပါတယ်။

စစ်ကိုင်းမှာ အကူအညီပေးနေသူတယောက်က “အပြင်မှာ အိပ်ရတာဆိုတော့ ရာသီဥတု အပြောင်းအလဲကြောင့်လည်း ပါမှာပေါ့၊ ချောင်းဆိုးတဲ့ ကလေးတွေ အပူကြီးပြီးတော့ အရမ်းဖျားတဲ့ ကလေးတွေ အဲဒီလိုတွေတော့ များတယ်ရှင့်။ ဝမ်းရောဂါလည်း ဖြစ်သလို အန်နေတဲ့သူတွေလည်း များတယ်ရှင့်။ ကလေးတွေဆို ၅ လ၊ ၆ လလောက်ကနေ အရမ်းကို အန်နေကြပြီ။ ၅ နှစ်၊ ၆ နှစ်အရွယ်လောက်အထိပေါ့။ လူကြီးတွေကကျတော့ မူးဝေတာမျိုး၊ သွေးတိုးတာမျိုး အဲဒီလိုမျိုးပဲ ဖြစ်နေကြတာပေါ့။ ပြီးတော့ Allergic တွေ ထတယ်ပေါ့နော်။ အပြင်မှာ အိပ်ရတာမျိုး၊ အကောင်တွေကိုက်လို့ အဲဒီလိုမျိုးပါပဲရှင့်။ လူကြီးကတော့၊ ဝမ်းပျက်ဝမ်းလျှောတာ အရွယ်စုံဖြစ်တယ်။ အဓိကကတော့ ကလေးသေးသေးလေးတွေပေါ့၊ တနှစ်ကျော်ကျော်လောက်ကစပြီး အသက် ၇၀ ဝန်းကျင် လူကြီးတွေအထိ ဖြစ်ကြတယ်။ ၁၀၀ မှာဆိုရင် ၇၀ ရာခိုင်နှုန်းက ဝမ်းလျှောတာတို့ အန်တာတို့ အဲဒီလိုမျိုး ဖြစ်လောက်တယ်” လို့ ပြောပါတယ်။ 

ဧပြီ ၅ ရက် ညမှာလည်း ငလျင်ဘေးသင့်ဒေသတွေမှာ  မိုးရွာသွန်းခဲ့တဲ့အတွက် ရှာဖွေမရသေးတဲ့ ရုပ်အလောင်းတွေဆီက ထွက်တဲ့ အရည်တွေကနေ တဆင့်လည်း ကူးစက်ရောဂါတွေ ဖြစ်ပွားစေတယ်လို့ ဆရာဝန်တွေက ပြောကြပါတယ်။

အပူချိန်ပြင်းထန်တဲ့ ကာလတွေမှာ လူသေအလောင်းတွေကို ၂၄ နာရီအတွင်း ဖယ်ရှားပစ်ဖို့ လိုအပ်ပြီး မဖယ်ထုတ်နိုင်တဲ့အခါ အလောင်းတွေက‌နေ ဘက်တီးရီးယားတွေ၊ ဇီဝဓာတုပစ္စည်းတွေ အများအပြားထွက်နိုင်ပြီး အဲဒီဘက်တီးရီးယားတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောနဲ့ ကူးစက်ရောဂါတွေ ဖြစ်စေတယ်လို့ သိရပါတယ်။

ရောဂါကူးစက်မှုတွေ သက်သာစေဖို့ အလောင်းတွေကို အမြန်ဆုံးရှာဖွေပြီး သင်္ဂြိုဟ်တာ၊ ကယ်ဆယ်ရေးသမားတွေအနေနဲ့ တကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေကို သေချာစွာ အသုံးပြုဖို့၊ အသုံးပြုပြီးသား ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ အလှူရှင်တွေအနေနဲ့လည်း လူနေများတဲ့ နေရာတွေမှာ အိမ်သာတွေ လှူဒါန်းပေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့ ဆရာဝန်တယောက်က “အလောင်းတွေကနေ တခြားဂက်စ်တွေလည်း ထွက်တယ်ပေါ့နော်။ အမိုးနီးယားဂက်စ်လိုမျိုး ဟိုက်ဒရိုဂျင်ဆာလဖိုက်လိုမျိုး အများကြီးပေါ့နော် ဂက်စ်တွေ ထွက်တာရှိတယ်။ အဲဒီဟာတွေက မျက်စိ၊ လည်ချောင်း၊ နှာခေါင်းတွေ ယားယံတာ အသက်ရှူကျပ်စေတာ၊ ပန်းနာရင်ကျပ် ဖြစ်စေတာ အဲဒါတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ မြင့်မားတဲ့ပမာဏကို ရှူမိမယ်ဆိုရင် အသက်အန္တရာယ် သေနိုင်လောက်တဲ့အထိ ဖြစ်စေပါတယ်။ တခြား အလောင်းတွေက ထွက်တဲ့ အရိအချွဲတွေကိုလည်း လက်ကနေ ကိုင်မိတယ်၊ ထိမိတယ်ဆိုတဲ့အချိန် ဒီဟာကို လက်မဆေးမိဘူးဆိုလို့ရှိရင် ဒါတွေသည် အစာအိမ်လမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအနှံ့ ပြည်သူ ၄,၃၄၅ ယောက် သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

သီရိ

မန္တလေး
စစ်ကိုင်း
ဝမ်းပျက်ဝမ်းလျှော
ကူးစက်ရောဂါ
အရေပြားရောဂါ
ငလျင်ဘေးသင့်ဒေသ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013