Home
မြန်မာသတင်း
ဘန်ကောက် တိုက်ပြိုမှု၌ သေဆုံး ခင်ပွန်းနှင့် သားကို တွေ့ရန် ၈ ရက်တာခရီးနှင်ခဲ့သည့် မြန်မာအမျိုးသမီး
DVB
·
April 9, 2025

ဘန်ကောက် ဆောက်လက်စ အထပ် ၃၀ တိုက်မြင့် ပြိုကျတဲ့ထဲမှာ ခင်ပွန်းနဲ့ သားကြီးတို့ ပါသွားတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတယောက်ဟာ တောတောင်ထဲ ခြေလျင်လျှောက် ဝင်လာရပြီးကာမှ အခင်းဖြစ်တဲ့နေရာရောက်တော့ ခင်ပွန်းဖြစ်သူမှာ နောက်အိမ်ထောင် ထပ်ရှိနေတာ သိရှိခဲ့ရတယ်လို့  CH-8 ထိုင်းရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၄၅ နှစ်ရွယ်ရှိ ဒေါ်မမေ ဆိုသူ မြန်မာအမျိုးသမီးဟာ တနင်္သာရီတိုင်း ထားဝယ်ကဖြစ်ပြီး  ခင်ပွန်းနဲ့ သားဖြစ်သူ ဘန်ကောက် တိုက်ပြိုတဲ့ထဲ ပါသွားတယ်ကြားပြီးနောက် မတ် ၃၀ ရက်က အိမ်ကနေ စပြီးထွက်လာခဲ့တယ်။ 

သူ့မှာ ခရီးစရိတ်အကျပ်အတည်း ဖြစ်တာကြောင့် တောတောင်ထဲကနေ ခြေလျင်လျှောက်လာရတယ်၊ တောထဲမှာ ၄ ရက်ကြာပြီး နယ်စပ် ကန်ကျနပူရီကနေ ဘန်ကောက် ရောက်ဖို့ လှေနဲ့တတန်၊ ကားနဲ့တတန် နောက်ထပ် ၄ ရက် ကြာခဲ့တယ်။ ထိုင်းနယ်စပ်ကနေ ဘန်ကောက်ထိ ဘတ် ၁၂၅၀၀ ပေးခဲ့ရတယ်။ ၈ ရက်ကြာမှ ဘန်ကောက် ရောက်တယ်၊ အခင်းဖြစ်တဲ့နေရာမှာ ခုထိ လင်နဲ့သားကို မတွေ့ရသေးဘူး။  တိုက်ပြိုတဲ့ထဲ ပါသွားတာ သိသိချင်း အိပ်မရ စားမရနဲ့ တချိန်လုံး ငိုရတယ်၊ အမေ ဘန်ကောက်ထိ လိုက်လာပြီ၊ အမေ့ကို လာတွေ့ပါ၊ ဘယ်လို အခြေအနေနဲ့ပဲဖြစ်ဖြစ် ပြန်တွေ့ချင်တယ်၊ သူတို့ကို ကူရှာပေးကြပါလို့ ဒေါ်မမေက ပြောပါတယ်။

သူ့ခင်ပွန်းဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဦးကြည်သန်းဖြစ်ပြီး သားကြီးကတော့ အသက် ၂၃ နှစ်ရှိ  ကျော်ထက် ဖြစ်တယ်၊  မီးကြိုးဆင်အလုပ်သမားတွေဖြစ်ပြီး တိုက်ပြိုကျချိန် အထပ် ၂၆ မှာ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အုတ်ပုံတွေကြာကနေ ရအောင် ရှာဖွေပေးမယ် ပြောတယ်လို့ ဆိုပါတယ်။ 

တိုက်ပြိုထဲ ပါသွားတဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအနေနဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေတွေ ထုတ်ယူနိုင်ဖို့  သက်ဆိုင်ရာက ဆေးရုံမှာ DNA မျိုးဇီဇ စစ်ဆေးဖို့ နှိုးဆော်ထားတယ်။ ဒါကြောင့် သူလည်း ဆေးရုံမှာ DNA စစ်ဖို့ ရောက်သွားချိန်မှာတော့ တာဝန်ကျဝန်ထမ်းက သူ့ခင်ပွန်းနဲ့ သားအတွက် တခြားအမျိုးသမီးက လက်မှတ်လာထိုးသွားပြီ၊ ဦးကြည်သန်းရဲ့ ဇနီး ဖြစ်တယ်။ သူ့အနေနဲ့ နောက်ထပ် လက်မှတ်ထိုးလို့ မရဘူးပြောတာကြောင့် အံ့ဩထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ 

သူနဲ့ ဦးကြည်သန်းမှာ သားသမီး ၃ ယောက်ရှိတယ်၊ အကြီးဆုံးသားနဲ့ ဒုတိယသမီးက ဦးကြည်သန်းနဲ့ နေပြီး အငယ်ဆုံးသမီးလေးက သူနဲ့အတူ မြန်မာပြည်မှာ နေတယ်၊ သူကတော့ အသက် ၈၀ ကျော်ရွယ် မိခင်အိုလည်းရှိတာကြောင့် ဘန်ကောက်ကို လိုက်လာလို့မရဘူး၊ ဦးကြည်သန်းလည်း အိမ်ကို လတိုင်း ပိုက်ဆံပို့ပေးတယ်၊ နောက်မိန်းမရှိတယ်လို့ တခါမှ မပြောဘူး၊ သားနဲ့သမီးကလည်း ဖုံးဖိထားတယ်လို့ ဆိုပါတယ်။ 

သူ့မှာ ဦးကြည်သန်းနဲ့ တရားဝင်လက်ထပ်စာချုပ်လည်း ရှိတယ်၊ ကလေး ၃ ယောက်လည်း ရှိတယ်၊ ဒါကြောင့် ခင်ပွန်းနဲ့ သားဖြစ်သူတို့ ရထိုက်တဲ့ နစ်နာကြေးတွေ ရလိုတယ်လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး Amarin TV က ဦးကြည်သန်းရဲ့ နောက်အမျိုးသမီးကို ဆက်သွယ်မေးမြန်းရာမှာ ဝီး ဆိုသူ (ထိုင်းအမျိုးသမီးဖြစ်ဟန်တူ ) က သူနဲ့ ဦးကြည်သန်း ပေါင်းသင်းနေထိုင်လာတာ ၁၀ နှစ်လောက်ရှိပြီ၊ ဦးကြည်သန်းရဲ့ သားနဲ့ သမီးလည်း အိမ်မှာ အတူနေကြတယ်။ သူ့အနေနဲ့ မိခင်ရင်းလို စောင့်ရှောက်ခဲ့တယ်၊ အခင်းဖြစ်တော့လည်း သူတို့ကိစ္စကို ငွေကုန်ခံပြီး အစအဆုံး လိုက်လုပ်ပေးနေတယ်လို့ ပြောသွားပါတယ်။ 

သူတို့ ၂ ယောက် အလောင်းသယ်ထုတ်လို့ ရပြီးရင် နစ်နာကြေးတွေကို သက်ဆိုင်ရာက ဘယ်လို ခွဲဝေပေးမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘန်ကောက် အထပ် ၃၀ ရှိ ငွေစာရင်းစစ်ရုံး ပြိုကျတဲ့ထဲ ပါသွားတဲ့ အလုပ်သမားတွေအနေနဲ့ အထောက်အထားရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ  လုပ်သက်အလိုက် တွက်ချက်ပြီး နစ်နာကြေး တဦးလျှင် ဘတ် ၁ သန်းကနေ ၂ သန်းအထိရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းဘွန်းဆုန်ထပ်ချိုင်းယုဒ်က ဧပြီ ၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

မတ် ၂၈ ရက်က အင်အားပြင်းငလျင်တုန်ခါမှုကြောင့် ပြိုကျသွားတဲ့ အဆိုပါတိုက်မှာ အလုပ်သမားပေါင်း ၁၀၃ ယောက် လုပ်ကိုင်နေပြီး  ကယ်ဆယ်ရေးအဖွဲ့တွေက တောင်လိုပုံတဲ့ အပျက်အစီးတွေကြား လိုက်ရှာနေတာမှာ ဧပြီ ၉ ရက်မနက်ထိ သေဆုံးသူ ၂၂ ယောက်၊ ဒဏ်ရာရသူ ၉ ယောက်နဲ့ ပျောက်ဆုံးနေဆဲ ၇၂ ယောက် ရှိတယ်လို့ ဆိုပါတယ်။

တချို့အလောင်းတွေမှာ ခန္ဓာတစစီ တနေရာစီရောက်နေလို့ ဘယ်သူဘယ်ဝါမှန်းမသိသေးဘဲ DNA အဖြေသာ စောင့်နေရတယ်လို့  ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

ထိုင်းသတင်းဌာနက ထုတ်ပြန်တဲ့ အမည်စာရင်းတွေအရတော့ မြန်မာအလုပ်သမား ၂၄ ယောက် ပါဝင်နေတာ တွေ့ရပါတယ်။ 

Source: Thairath TV / Amarin TV 

ဘန်ကောက်
ငလျင်ဘေး
မြန်မာအမျိုးသမီး
မြန်မာလုပ်သား
ပြိုကျအဆောက်အအုံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013