Home
ရုပ်သံ
ငလျင်ဒဏ်သင့် မန္တလေး၌ စီးပွားရေးလုပ်ငန်းများပြန်ဖွင့်၊ ဒေသခံများအတွက် စိန်ခေါ်မှုများ ရှိနေဆဲ
DVB
·
April 8, 2025

မန္တလေးမြို့မှာ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ပြီးတဲ့နောက်  ၁၀ ရက်လောက်အကြာမှာ စီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်နေပြီး ပြန်လည်ထူထောင်ရေး လက္ခဏာတွေ မြင်တွေ့ရပြီလို့ ရိုက်တာက ဖော်ပြပါတယ်။

မန္တလေးမြို့မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ ဒေသခံတွေကို တည်နေရာ ပြန်လည်ရွှေ့ပြောင်းတာတွေကို ရိုက်တာက ရည်ညွှန်းဖော်ပြတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ရှာဖွေမှုနဲ့ ကယ်ဆယ်မှုလုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်နေချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်က ပြန်ဖွင့်ခဲ့တဲ့ ကုန်စုံဆိုင်ဟာ ပြန်ဖွင့်ချိန်ကတည်းက ဖောက်သည် ၂ ဆတိုးခဲ့ပါတယ်။ မရှိမဖြစ် အသုံးအဆောင်တွေ၊ အစားအသောက်၊ အဖျော်ယမကာနဲ့ တကိုယ်ရေသုံး ပစ္စည်းတွေက ရောင်းအားကောင်းနေသလို ပေါင်မုန့်နဲ့ ခေါက်ဆွဲခြောက်လိုမျိုး အထားခံတဲ့ အသင့်စား အစားအသောက်တွေကို ပိုပြီး လိုအပ်နေကြပါတယ်။

တခြားစီးပွားရေးအနေနဲ့ သစ်သီးရောင်းဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေကလည်း ပြန်လည် ဖွင့်လှစ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေနဲ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေချိန် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်နေပေမဲ့ ကျန်ရှိတဲ့ ဒေသခံတွေအတွက် စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

မန္တလေးမြို့ အနောက်ဘက်မှာ အိမ်တွေဒါဇင်နဲ့ချီပြီး ပျက်စီးခဲ့ကာ ဒေသခံတွေ လမ်းပေါ် ထွက်ပြီး အိပ်နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခိုလှုံရာ နေရာသစ်တွေ ရှာဖွေခဲ့ရလို့ သူတို့အတွက် အခက်အခဲတွေ ရှိနေဆဲပါ။

တရုတ်ကယ်ဆယ်ရေးအဖွဲ့က ယာယီနားခိုရာနေရာ ၂ ခု ပြုလုပ်ပေးခဲ့ပြီး တနင်္ဂနွေနေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနေရာမှာ တဲ ၁၆၀ ပြင်ဆင်ထားပြီး ဒေသခံ ၆၀၀ ကျော်ကို ခိုလှုံခွင့် နေရာပေးထားမှာပါ။

တရုတ်ဆောက်လုပ်ရေးပညာရှင်တွေက မန္တလေးမြို့မှာရှိတဲ့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှု စစ်ဆေးမှုအဖြစ် အဆောက်အအုံ ၉၀၀ နီးပါးကိုလည်း စီစစ်ပေးခဲ့ကြပါတယ်။

ပရဟိတအမျိုးသမီးတယောက်က “တရုတ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကူညီမှုတွေကို ကျေးဇူးတင်ပါတယ်။ ငလျင်လှုပ်ပြီးချိန် သတင်းရတာနဲ့ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုက မြန်မြန်ဆန်ဆန်ရှိပါတယ်။ ကျမတို့ အရမ်းကျေးဇူးတင်ပါတယ်။ သူတို့လာတာက ကျမတို့ကို မျှော်လင့်ချက်တွေ ပေးပါတယ်။ ကျမတို့အိမ်တွေ ပြန်တည်ဆောက်ပြီးရင် ဒီမြင်ကွင်းတွေကို သူတို့ကို ပြချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ လူသားချင်း စာနာမှုအကူအညီ တတိယအဆင့်အဖြစ် ယာယီတဲတွေ၊ မိသားစုသုံးပစ္စည်းတွေ၊ ခေါက်အိပ်ရာနဲ့ စောင်တွေ စတဲ့ အသုံးအဆောင်ပစ္စည်း ၅,၀၀၀ နီးပါးကို စနေနေ့က မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။

Source : Reuters

မန္တလေး
ပြန်လည်ထူထောင်ရေး
စီးပွားရေးလုပ်ငန်း
ငလျင်ဘေးသင့်ဒေသ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013