Home
သတင်းဓာတ်ပုံ
ဆန်ဖရန်စစ္စကို ရန်ပုံငွေပွဲကရသည့် ဒေါ်လာ ၇၀၀၀၀ ကျော် ငလျင်သင့်ပြည်သူများကို ကိုထိန်လင်း လှူဒါန်းမည်
DVB
·
April 7, 2025

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုဗေး ဧရိယာမှာ ဒေသစံတော်ချိန် ဧပြီ ၆ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းနဲ့ မြန်မာမိသားစုတွေတွေ့ဆုံပွဲကနေ ရန်ပုံငွေ ဒေါ်လာ ၇ သောင်းကျော် ရရှိခဲ့ပါတယ်။

ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် အမေရိကန်ပြည်ထောင်စုကို ရောက်နေတာဖြစ်ပြီး သူ့ရဲ့မူလရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးနဲ့ သူ နောက်ထပ်ပြုလုပ်မယ့် မြန်မာပြည်သူတွေ သောက်သုံးရေသန့် ရရှိရေး ပရောဂျက်အတွက် သတင်းစကားပေးဖို့ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်မှာတော့ ကိုထိန်လင်းဟာ သူ ရထားတဲ့ ရန်ပုံငွေတွေကို ငလျင်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ ဦးစားပေးလိုက်တာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာတွေ့ဆုံပွဲစီစဉ်သူ ဦးကိုကိုလေး က “ငလျင်ဘေးသင့်ပြည်သူတွေ လိုအပ်တဲ့ ကျန်းမာရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး စသဖြင့် လိုအပ်တဲ့ နေရာတွေမှာလှူဒါန်းဖို့ သူက ဆန္ဒရှိနေတာပါ” လို့ ပြောပါတယ်။

ကိုထိန်လင်းဟာ အမေရိကန်ပြည်ထောင်စု၊ မြို့ ၈ မြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ခရီးစဉ်ကို မတ် ၁၅ ရက်နေ့မှာ နယူးယောက်မြို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံက စစ်ဘေးသင့် ပြည်သူတွေအတွက် လူသားချင်းစာနာအကူအညီတွေ ပိုမိုရရှိနိုင်ရေး၊ မြန်မာပြည်နိုင်ငံရေး အကျပ်အတည်းတွေအတွက် နိုင်ငံတကာက အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို တိုက်တွန်းတောင်းဆိုဖို့ အမေရိကန်နိုင်ငံကို လာရောက်ခဲ့တာလို့ ကိုထိန်လင်းက ရှင်းလင်း ပြောဆိုထားပါတယ်။

ရန်ပုံငွေပွဲ
ငလျင်သင့်ပြည်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013