Home
မြန်မာသတင်း
မြန်မာငလျင်ကယ်ဆယ်ရေး၌ စင်ကာပူအဖွဲ့က ဆိုက်ဘာ့ဂ်ပိုးဟပ် သုံးပြီး အသက်ရှင်သူရှာဖွေ
DVB
·
April 5, 2025

စင်ကာပူနိုင်ငံက သုတေသီတွေဟာ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဆိုက်ဘာ့ဂ်ပိုးဟပ်တွေ ပို့ပေးအသုံးပြုခဲ့တယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။

ဆိုက်ဘာ့ဂ်ပိုးဟပ်လို့ခေါ်တဲ့ ကျောဘက်မှာ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ အာရုံခံကိရိယာတွေ တပ်ထားတဲ့ ပိုးဟပ် ၁၀ ကောင်ပို့ပေးထားတာဖြစ်ပြီး အဲဒီပိုးဟပ်တွေကို Home Team Science and Technology Agency (HTX) နဲ့ စင်ကာပူ၊ နန်ယန်းနည်းပညာတက္ကသိုလ် သုတေသီတွေက အတူတကွ တီထွင်ထားတာဖြစ်ပါတယ်။ 

ဆိုက်ဘာ့ဂ်ပိုးဟပ်ဟာ သက်ရှိပိုးဟပ်ရဲ့ ခန္ဓာကိုယ်နဲ့ စက်ရုပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ၂ မျိုး ပေါင်းစပ်ထားတဲ့   Insect-hybrid robots  အမျိုးအစား ဖြစ်ပါတယ်။

အဲဒီကိရိယာတွေနဲ့ ပိုးဟပ်တွေကို ထိန်းချုပ်ထားပြီး အပူချိန်၊ လှုပ်ရှားမှုနဲ့ အသံ စတဲ့ အချက်အလက်တွေကို ရှာဖွေပေးပို့နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

စင်ကာပူအရပ်ဘက်ကာကွယ်ရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို ပိုးဟပ်တွေ ရောက်ရှိလာပြီး သူတို့နဲ့အတူ ရှာဖွေရေးခွေး ၄ ကောင်လည်း ပါလာပါတယ်။

အခုလို အင်းဆက်ပိုးမွှားနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ စက်ရုပ်တွေကို တကယ့် လက်တွေ့ကွင်းဆင်း ရှာဖွေရေးမှာ သုံးစွဲတာ ပထမဆုံးဖြစ်ပြီး ဧပြီ ၃ ရက်နေ့က နေပြည်တော်မှာ ၂ ကြိမ် သုံးစွဲပြီးပြီလို့ သတင်းက ဖော်ပြပါတယ်။

ဒါပေမဲ့ ပိုးဟပ်တွေရဲ့ လှုပ်ရှားရှာဖွေတဲ့ အချက်အလက် အသေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပြိုကျပြီး လူသားကယ်ဆယ်ရေးသမားတွေ ဝင်ရောက်ဖို့ အန္တရာယ်များတာ ဒါမှမဟုတ် ခက်ခဲတဲ့နေရာတွေမှာ ဆိုက်ဘာ့ဂ်ပိုးဟပ်တွေဟာ အပျက်အစီးတွေက ကျဉ်းမြောင်းတဲ့နေရာတွေကိုလည်း ဝင်ရောက်နိုင်စွမ်းရှိတာကြောင့် ရှာဖွေရေးလုပ်ငန်းမှာ အထောက်အကူဖြစ်စေမယ်လို့  ဆိုပါတယ်။

Source: The Straits Times

ကယ်ဆယ်ရေး
မြန်မာငလျင်ဘေး
စင်ကာပူအဖွဲ့
ဆိုက်ဘာ့ဂ်ပိုးဟပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013