Home
မြန်မာသတင်း
အလွတ်တန်း သတင်းထောက် စိုးရာဇာထွန်း ပြန်လည်လွတ်မြောက်လာ
DVB
·
April 2, 2025

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာကို ၂ ကြိမ်ထိ ခံစားခဲ့ရတဲ့ ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းက ဒီကနေ့ ဧပြီလ ၁ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာပြီလို့  မိသားစုဝင်တွေဆီကနေ သိရပါတယ်။

မိသားစုဝင်တယောက်က “ဒီနေ့ နေ့လယ်အစောပိုင်းမှာ အိမ်ရောက်ပါတယ်။ သူတို့ကတော့ မနက် ၆ နာရီလောက်မှာ စလွှတ်ပေးတယ်ဆိုပေမဲ့ နေ့လယ်လောက် ကားဂိတ်မှာ သွားကြိုလာတာပါ။ ကျန်းမာရေးကတော့ ထောင်တွင်းက ယားနာတချို့ ပါလာလို့ ဆေးခန်းတော့ ပြခဲ့ရတယ်၊ ကျန်တာတော့ အားလုံးကောင်းပါတယ်” လို့ DVB ကို ပြောပါတယ်၊

ကိုစိုးရာဇာထွန်းက စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ပဲခူးတိုင်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့မှာ ပထမအကြိမ် ဖမ်းဆီးခံခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှာ နောက်တကြိမ် ထပ်မံပြီး ဖမ်းဆီးခံရပါတယ်။

ဒုတိယအကြိမ်မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပြီးနောက် လွတ်ရက်စေ့လို့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာသမား ၂၀၀ ကျော် မတရားဖမ်းဆီးခံခဲ့ပြီး သတင်းမီဒီယာသမား ၇ ယောက်မှာ ဥပဒေမဲ့သတ်ဖြတ်ခံရကာ ၄၃ ယောက်မှာ သတင်းမီဒီယာသမားတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အကြမ်းဖက်မှုဥပဒေတွေနဲ့ အရေးယူခံရပြီး ထောင်ဒဏ်ကျခံနေရဆဲလို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက်
စိုးရာဇာထွန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013