Home
မြန်မာသတင်း
ငလျင်သတင်းယူနိုင်ရေး နိုင်ငံတကာသတင်းသမားများကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုရန် IPCM တောင်းဆို
DVB
·
April 1, 2025

ငလျင်ဒဏ်သင့် ဒေသတွေမှာ သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာက သတင်းထောက်တွေကို စစ်ကောင်စီအနေနဲ့ ဗီဇာအလွယ်တကူထုတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်ပြီး နိုင်ငံတကာက မီဒီယာတွေကို စစ်ကောင်စီက နိုင်ငံတွင်း ပေးမဝင်တဲ့အပေါ် ရှုတ်ချကန့်ကွက်ကြောင်း ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

IPCM က ထုတ်ပြန်ချက်ထဲမှာတော့ “ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန်လည်း တောင်းဆိုသည်။ ပြည်တွင်းရှိ သတင်းမီဒီယာတချို့ကို ပေးပို့သော စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသံဖိုင်အရ နိုင်ငံတကာ သတင်းထောက်များကို ပေးမဝင်လိုကြောင်း သိရသည်။ ယင်းကို မိမိတို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM) မှ ရှုတ်ချကန့်ကွက်ပြီး အများပြည်သူနှင့် နိုင်ငံတကာပြည်သူများ၊ ကူညီပံ့ပိုးနိုင်သည့် အဖွဲ့အစည်းများ သိရှိရန် သတင်းရယူ တင်ဆက်ဖော်ပြခွင့်ရရှိရန် တိုက်တွန်းလိုပါသည်” လို့ ဖော်ပြထားပါတယ်။

မှန်ကန်တဲ့ သတင်းအချက်အလက်တွေကသာ ငလျင်ဒဏ်ခံပြည်သူတွေနဲ့ ကူညီကယ်ဆယ်နေသူတွေကို အထောက်အပံ့ ဖြစ်စေမှာဖြစ်ပြီး ဒီအခြေအနေကို သတင်းမီဒီယာကသာ ကူညီပံ့ပိုးနိုင်တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာ့ငလျင်ဘေးအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေက သတင်းလာယူဖို့ ခွင့်တောင်းတာတွေ ရှိနေပေမဲ့ လက်ရှိ မြန်မာပြည်မှာ ရေ မီး၊ လျှပ်စစ်၊ တည်းခိုဖို့ ဟိုတယ်နဲ့ သွားလာနေထိုင်ရေး အခက်အခဲကြောင့် လာရောက်သတင်းယူခွင့်မပြုဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှုတွေကို အမြန်ဆုံး ပြန်လည်ဖွင့်ပေးပြီး နိုင်ငံတကာကပေးတဲ့ အင်တာနက် အကူအညီတွေကိုလည်း လက်ခံပေးဖို့ IPCM က တောင်းဆိုထားပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းရယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက်တွေ အပါအဝင် ဖမ်းဆီးခံ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီ
IPCM
ပြည်ဝင်ခွင့်
ငလျင်သတင်းယူနိုင်ရေး
နိုင်ငံတကာသတင်းသမား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013