Home
အနုပညာ
ဝါရင့်အဆိုတော် ဂျေညီညီကွယ်လွန်
DVB
·
March 31, 2025

အလွမ်းကဖီး အပါအဝင် အောင်မြင်တဲ့ တေးသီချင်းများစွာနဲ့ မြန်မာ့ ဂီတလောကမှာ ထင်ရှားတဲ့ ဝါရင့် အဆိုတော် ဂျေညီညီဟာ မတ် ၃၁ ရက် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ညီမဖြစ်သူ အဆိုတော် ဂျေညီမလေးက Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားမျှဝေထားခဲ့ပါတယ်။

“အဆိုတော် ဂျေညီညီ မနက် ၄:၃၀မိနစ်မှာ ဆုံးသွားပါပြီ”

ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဂျေညီညီဟာ “စွဲနေပြီ” စီးရီးနဲ့ ဂီတလောကမှာ မှတ်တိုင်တခုစိုက်ထူခဲ့ပြီး ၁၉၉၀ ပြည့်လွန် ကာလတွေမှာ ရေပန်းစားခဲ့တဲ့ အလွမ်းကဖီး၊ လူပျိုကြီးပဲ လုပ်တော့မယ်၊ အချစ်မိုး၊ ပလက်ဖောင်းရှိုးစတဲ့ သီချင်းတွေဟာ ခုချိန်တိုင်အောင် လူငယ်ပရိသတ်တွေကြားမှာရော အရွယ်စုံပရိသတ်တွေကြား လူသိများ အောင်မြင်ခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

ဂျေညီညီဟာ မကွယ်လွန်မီ မနေ့က မနက်ပိုင်းကတောင် “ဒီမနက် မူးလို့ကောင်းတုန်း တ ယောက်ထဲ ငလျင်မိနေသလို ဟိုကိုင်ဒီကိုင်လမ်းလျှောက်နေရတယ်” ဆိုတဲ့ စာတကြောင်း ကို သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပြီး ခုမနက်အစောပိုင်းမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာပါ။

လတ်တလောမှာတော့ အဆိုတော် ဂျေမောင်မောင်၊ ဂျေညီညီ၊ ဂျေညီမလေး၊ သီရိဂျေမောင် မောင်စတဲ့ J Family အမည်နဲ့ အဆို ဂီတ အနုပညာမျိုးရိုးနဲ့ ထင်ရှားတဲ့ ဂျေညီညီရဲ့ ကွယ်လွန်တဲ့ သတင်းအပေါ်  အနုပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။

နာမည်ကြီး အဆိုတော် R ဇာနည်ကလည်း "U J Nyi Nyi ကွယ်လွန်ကြောင်းကြားသိရ၍ မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ကောင်းရာသုဂတိလားပါစေ အဝေး ကနေပဲ ကန်တော့လိုက်ပါတယ်" လို့ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

ကွယ်လွန်
အဆိုတော် ဂျေညီညီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013