Home
မြန်မာသတင်း
VOA ကို ပိတ်သိမ်းမှု နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးက ယာယီတားမြစ်မိန့် ထုတ်ပြန်
DVB
·
March 29, 2025

အမေရိကအသံ (VOA) သတင်းဌာနကို  ပိတ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ​ဒေါ်နယ်ထရမ့်ပ် အပေါ် VOA ဂျာနယ်လစ်တွေက စွဲဆိုထားတဲ့အမှုကို  နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက ဒေသစံတော်ချိန် မတ် ၂၈ ရက် မနက်ပိုင်းမှာ စတင်ကြားနာခဲ့ပါတယ်။

ပထမဆုံးကြားနာမှုအပြီး မွန်းလွဲပိုင်းမှာ နယူးယောက်တောင်ပိုင်းခရိုင်တရားသူကြီး ဂျေပေါလ်အက်ကန်က ထရမ့်ပ်ရဲ့လုပ်ရပ်ကို ယာယီတားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီး ၂၁ ရက်အကြာမှာ နောက်ထပ် ရုံးချိန်းပြန်ခေါ်ဆိုခဲ့တယ်လို့ VOA ဘက်က ဦးဆောင်တရားစွဲဆိုသူ ၃ ယောက်ထဲမှာ ပါဝင်တဲ့  စတိဗ်ဟာမန်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တရားရုံးကြားနာမှုမှာပါဝင်ခဲ့တဲ့ VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “ကျမတို့ ပြန်ပြီးတရားစွဲဆိုရတဲ့အကြောင်းက ကျမတို့ VOA ဝန်ထမ်းအကုန်လုံးကို လစာနဲ့ ခွင့်ပေးလိုက်ပြီးတော့ လည်ပတ်နေတဲ့ လုပ်ငန်းတွေအားလုံးကို သူတို့က ယာယီရပ်ဆိုင်းလိုက်တယ်။ အဲဒါရယ် နောက်ပြီးတော့ ကျမတို့ကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲနဲ့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အမေရိကန်မှာပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ အထူးသဖြင့် အလုပ်သမားဥပဒေကို ချိုးဖောက်တယ်။ အမေရိကန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဦးဆုံး ပြင်ဆင်ချက်ပြဋ္ဌာန်းထားတာပေါ့နော်၊ အဲဒါက လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတဲ့အချက်ကို အခု USAGM ရဲ့လုပ်ရပ်က ချိုးဖောက်တယ်ဆိုတဲ့အချက်နဲ့ ကျမတို့ အဓိကတရားစွဲထားတယ်။"

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ခံ VOA ဂျာနယ်လစ်တွေက ထရမ့်ပ်အစိုးရနဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ USAGM ရဲ့ အထူးအကြံပေးအဖြစ် သမ္မတထရမ့်ပ်က အဆိုပြုထားသူ ကာရီလိတ်ခ်တို့ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တရားစွဲဆိုထားတာပါ။

VOA ဝန်ထမ်းတွေကို လစာနဲ့ ခွင့်ပေးထားတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့၊ အစိုးရရဲ့ ဒီလုပ်ရပ်ကို တရားမဝင်ကြောင်းသတ်မှတ်ဖို့နဲ့ သမ္မတအမိန့်ကို အကောင်အထည် ဖော်နေတာတွေကို ယာယီတားမြစ်မိန့်ထုတ်ပေးဖို့ စတဲ့အချက်တွေကို VOA ဝန်ထမ်းတွေက တရားရုံးကို တိုက်တွန်းတောင်းဆိုထားပါတယ်။

VOA သတင်းဌာနကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ တရားမဝင်ကြောင်း ဒေသစံတော်ချိန် ၂၆ ရက်က VOA ညွှန်ကြားရေးမှူး မိုက်ကယ်အေဘရာမိုဝစ်ဇ်ကိုယ်တိုင်လည်း  ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

မအင်ကြင်းနိုင်က “ကွန်ဂရက်လွှတ်တော်ကနေ ပြဋ္ဌာန်းထားတဲ့၊ သဘောတူအတည်ပြုထားတဲ့ ဘတ်ဂျက်အသုံးငွေပေါ့၊ ကျမတို့ VOA နဲ့ ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ RFA ၊ RFE ပေါ့လေ၊ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကနေတောင် အတည်ပြုထားတဲ့ ဘတ်ဂျက်ငွေတွေကို သမ္မတထရမ့်ပ်အစိုးရက ဒါတွေကို ကျော်လွန်ပြီးတော့ သူတို့ရဲ့လုပ်ပိုင်ခွင့် အာဏာကို သုံးခဲ့တဲ့တာ ဒါဟာ ဥပဒေကို ချိုးဖောက်တာပေါ့နော်။ သမ္မတအာဏာကို မလိုအပ်ဘဲ သုံးတယ်ဆိုတဲ့ စွဲချက်ပေါ့နော်၊ ကျမတို့ တင်ပြတာကတော့ VOA လုပ်ငန်းတွေ အရင်အတိုင်း ပြန်လည်ပတ်ဖို့၊ ဝန်ထမ်းတွေ အရင်အတိုင်း ပြန်ခန့်ဖို့၊ တခြားဝန်ထမ်းတွေ အကုန်လုံး လုပ်ငန်းခွင် ပြန်ဝင်ဖို့ ကျမတို့ တရားရုံးကိုတောင်းဆိုထားတယ်”လို့ ပြောပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် မတ်လ ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM (United States Agency for Global Media) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရလုပ်ငန်းတွေအားလုံးရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ဝန်ထမ်းခန့်အပ်မှု အခြေအနေတွေကို ပြန်လည်သုံးသပ်နေတာဖြစ်ပြီး USAGM ကိုလည်း ပြန်လည်သုံးသပ်ဖို့ အခုလို ညွှန်ကြားချက်ထွက်လာတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်ထွက်ပြီးနောက် USAGM လက်အောက်မှာရှိတဲ့ VOA မြန်မာပိုင်းနဲ့ RFA သတင်းဌာနဝန်ထမ်းတွေဆီကို ရုံးလာတက်စရာမလိုဘဲ ခွင့်ပေးကြောင်း အီးမေးလ်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သမ္မတအမိန့်ကို ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တင်ပြခဲ့တဲ့အတွက် အမေရိကန်ခရိုင်တရားသူကြီး ရွိုက်စ်လမ်ဘတ်သ်က Radio Free Europe/Radio Liberty တို့ကို  ရန်ပုံငွေရပ်ဆိုင်းခြင်းကို ရပ်တန့်ဖို့  မတ်လ ၂၅ ရက်နေ့မှာ  ယာယီတားမြစ်မိန့်ကို ထုတ်ပြန်ထားပါတယ်။

VOA ဟာ ၁၉၉၄ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ "နိုင်ငံတကာထုတ်လွှင့်မှုဥပဒေ" ရဲ့အကာအကွယ်ကို ခံစားပိုင်ခွင့်ရှိနေပြီး ဥပဒေပါပြဋ္ဌာန်းချက်တွေအရ အမေရိကန်အစိုးရအရာရှိတွေက VOA သတင်းဌာနလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်မှုကနေ ကင်းလွတ်ခွင့်ရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

သုတချမ်းသာ

အမေရိကန်သမ္မတ
နယူးယောက်
ဒေါ်နယ်ထရမ့်ပ်
VOA
အမေရိကအသံ
ယာယီတားမြစ်မိန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013