Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင် အလုပ်သမားပို့ခွင့် ကန့်သတ်လိုက်သဖြင့် အေဂျင်စီများ အခက်ကြုံ
DVB
·
March 27, 2025

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို တလမှာ အလုပ်ခေါ်စာ တခုအတွက်ပဲ ပို့ခွင့်ရှိသလို ပို့ဆောင်ခွင့်ရမယ့် လူဦးရေလည်း ကန့်သတ်ထားတဲ့အပေါ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရပါတယ်။

ပြည်ပနိုင်ငံတွေကို အလုပ်သမားပို့ဆောင်ပေးနေတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိက အေဂျင်စီတခုကို တလမှာ Demand Letter (အလုပ်ခေါ်စာ) တကြိမ်သာ တင်ပြရမှာဖြစ်ပြီး အလုပ်ခေါ်စာအတွက်လည်း နိုင်ငံနဲ့အလိုက် လူဦးရေကန့်သတ်ထားတဲ့အပေါ် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေက ဒီတခေါက် အဆိုးဝါးဆုံးဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) ရဲ့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ကျနော်တို့ သက်တမ်းအတော်ကြာပြီ တခါမှ ကန့်သတ်တယ်ဆိုတာ မရှိဘူး။ အခုဆို ထိုင်းကို အယောက် ၅၀ တဲ့ တလကိုနော်၊ ကုမ္ပဏီတခုကို အယောက် ၅၀ပဲ၊ ဂျပန်ကို ၁၅ ယောက်၊ စင်ကာပူ ၅ ယောက် ဒါမျိုးတွေ ကန့်သတ်တာရှိတယ်။ ဒီကန့်သတ်တာတွေကတော့ တော်တော်ဆိုးဆိုးဝါးဝါးပေါ့။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်း သမိုင်းမှာ တခါမှ မရှိခဲ့ဘူး၊ ဒီလောက် အဆိုးဝါးဆုံးလည်း မဖြစ်ခဲ့ဖူးဘူး၊ အေဂျင်စီတွေကတော့ လုံးဝ အဆင်ပြေစရာ မရှိဘူး။”

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကနေ မတ် ၂၅ ရက်ကစပြီး အေဂျင်စီတွေရဲ့ Demand letter (အလုပ်ခေါ်စာ) မှာ နိုင်ငံအလိုက် ပြောင်းလဲတင်ပြရမယ့် လုပ်သားအရေအတွက်တွေကတော့  ထိုင်းနိုင်ငံကို အယောက် ၅၀၊ ဂျပန်နိုင်ငံ လူ ၁၅ ယောက်၊ ကိုရီးယားကို ၁၀ ယောက်၊ စင်ကာပူနိုင်ငံကို ၅ ယောက်၊ မလေးရှားနိုင်ငံ အယောက် ၂၀ နဲ့ လာအိုနဲ့ တခြားနိုင်ငံတွေတော့ လူ ၁၀ ယောက်ထက် မပိုရလို့ သတ်မှတ်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အေဂျင်စီတခုကို တလမှာ Demand letter - အလုပ်ခေါ်စာတကြိမ်သာ တင်ပြရမှာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲကန့်သတ်ထားတာတွေအပြင် ပြည်ပထွက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေကို စမတ်ကတ်နဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လုပ်ပေးနေတာတွေ ကိုလည်း ရုတ်တရက် ရပ်တန့်လိုက်တာတွေကြောင့် အလုပ်သမားတွေလည်း ဆုံးရှုံးနစ်နာနေရသလို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်ကလည်း မျက်နှာပျက်နေရကြောင်း ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အမှားတွေကို လိုက်ဖာရင်းနဲ့ ပြဿနာတက်သွားတာပေါ့။ သူတို့မှားတာတွေက မြန်မာတနိုင်ငံလုံး နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံ sector ပေါင်းစုံမှာ သူတို့ပေးတဲ့ဒုက္ခတွေ ရှိနေတာ။ ကျန်နေတဲ့ အုပ်စုတွေရှိတယ်၊ ထွက်ခါနီးဆဲဆဲ စမတ်ကတ်မလုပ်ရသေးတာ၊ OWIC ကတ် တန်းလန်းကြီးနဲ့ လျှောက်တုန်း၊ သင်တန်းတက်တုန်း၊ ဒီလိုကလေးတွေကို အရင်ရှင်းရမှာ။ အဲဒီကလေးတွေကို ရှင်းပေးမယ်လို့ သတင်းစာထဲ ကြေညာပြီးသွားပြီ။ ခုထက်ထိ အဲဒီကလေးတွေ ထွက်ခွင့်မကျသေးဘူး။ ဘယ်နေ့ ထွက်ရမယ်၊ ကတ်တွေ ဘယ်နေ့ လုပ်ရမယ် မသိသေးဘူး။ သတင်းစာထဲတော့ ဘယ်ချိန် ဘယ်လိုရပြီ ပြောနေတာ။ အကုန်ငုတ်တုတ်မေ့၊ လက်မှတ်တွေဆုံး ဘယ်နေ့မှန်းကို မသေချာဘူး။ ဟိုဘက်က သူဌေးတွေကျတော့လည်း ဒီတပတ်လား မပြောနိုင်ဘူး၊ နောက်တပတ်လားလည်း မပြောနိုင်ဘူး၊ ဘယ်တော့မှန်း မပြောနိုင်ဘူး။ ဒီက လုပ်နေတဲ့သူတွေ အကုန် အရူးတွေ ဖြစ်ကုန်ရော။”

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၆၁၄ ခုရှိပြီး ယာယီပိတ်သိမ်းတဲ့ အေဂျင်စီ ၄ ခု ရှိကြောင်း သိရပါတယ်။

OWIC ကတ်ကို ၂၀၂၃ ခုနှစ်မှာ ၂၁၀,၆၂၈ ကတ် ထုတ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ နိုဝင်ဘာလကုန်အထိ ၁၈၁,၈၉၉ ကတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ဝေဝေ

ပြည်ပအလုပ်အကိုင်အေဂျင်စီ
လုပ်သားစေလွှတ်
အလုပ်ခေါ်စာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013