Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စပါးလင်ပင် ဆေးဖက်ဝင်
DVB
·
March 26, 2025

ဒီတပတ်မှာ တော်လှန်ပြည်သူတို့အတွက် စပါးလင်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

စပါးလင်ပင်ကို သိပ္ပံလို Cymbopogon လို့ခေါ်ပြီး အင်္ဂလိပ်လို lemongrass, barbed wire grass, silky heads, oily heads, Cochin grass, Malabar grass, citronella grass or fever grass စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

စပါးလင်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မန်းဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင် A နဲ့ C၊ ဖောလိတ်နဲ့ နိုင်ယာစင် စတဲ့ အာဟာရ သတ္တုဓာတ်များနဲ့ flavonoids၊ phenolic၊ terpenes၊ အရက်၊ ketones၊ aldehydes နဲ့ esters, neral နဲ့ geranial ရောစပ်ထားတဲ့ citral ဖြစ်ပါတယ်။ တခြားအစိတ်အပိုင်းတွေမှာ geranyl acetate၊ citronellal၊ citronellol၊ limonene၊ camphene နဲ့ β-caryophyllene ကျန်းမာရေး အကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အစာအိမ်ရောဂါကို ကာကွယ်ပေးခြင်း၊ ဆီးဆေးအဖြစ် လုပ်ဆောင်နိုင်ပါတယ်။ သင့်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်၊ မြင့်မားတဲ့ systolic သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ခြင်း၊ ကိုလက်စထရောကို ထိန်းညှိပေးနိုင်ခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ စပါးလင်ပင်ရဲ့ ပင်စည်၊ အရွက်နဲ့ အမြစ်တို့ကို သုံးစွဲကြပါတယ်။

စပါးလင်မှာ ပါဝင်တဲ့ chlorogenic acid, isoorientin, swertiajaponin ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောအတွင်းရှိ ဆဲလ်များ မှားယွင်းစွာ လုပ်ဆောင်မှုကို ဟန့်တားပေးပြီး ဓာတ်ကြွင်းပစ္စည်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ စပါးလင်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကိုယ်တွင်းခုခံအားစနစ်ကို အားကောင်းစေပြီး ကင်ဆာဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှုကို တားဆီးပေးပါတယ်။

စပါးလင်အဆီမှာ ဘက်တီးရီးယားပိုးမွှားများနဲ့ မှိုသတ်ဆေးအာနိသင်တွေ ပါရှိပြီး သွားပိုးစားခြင်း ဖြစ်စေတဲ့ Streptococcus mutans ဘက်တီးရီးယားကို တိုက်ဖျက်နိုင်ပါတယ်။

အစာအိမ်နာခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ တခြားသော အစာခြေပြဿနာတွေကို တိုက်ဖျက်ပေးနိုင်ပြီး စပါးလင်ရေနွေးကြမ်းတခွက် ပုံမှန်သောက်သုံးပေးခြင်းက အစာအိမ်အတွင်းပိုင်းကို အက်စပရင်နဲ့ အရက်တို့ကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

စပါးလင်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောချဲ့ခြင်းကို အားပေးကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း မကောင်းတဲ့အဆီနဲ့ triglyceride ပမာဏကို လျှော့ချပေးတာကြောင့် သွေးတိုးခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးကြောကျဉ်းခြင်းတွေကို တားဆီးနိုင်ပါတယ်။

အစာအိမ်အတွင်း ကိုလက်စထရော စုပ်ယူမှုကို ဟန့်တားနိုင်စွမ်းရှိပြီး Lemongrass စပါးလင်ရေနွေးကြမ်း သောက်ခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။

စပါးလင်ဟာ ဆီးရွှင်စေပြီး ပိုလျှံနေတဲ့ အရည်နဲ့ ဆိုဒီယမ်တို့ကို ဖယ်ရှားပေးနိုင်တာကြောင့် စပါးလင်ရေနွေးကြမ်း သောက်ခြင်းက ဆီးထွက်နှုန်းကို ပိုတိုးစေကာ အသည်းအားနည်းခြင်းနဲ့ ရေဖျဉ်းရောဂါကို လျှော့ချပေးနိုင်ပါတယ်။

စပါးလင်ဟာ အမျိုးသမီးများမှာ နို့ထွက်ခြင်းကို အားပေးတဲ့ galactagogue ဂုဏ်သတ္တိရှိတဲ့အပြင် ရာသီသွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး ရာသီအောင့်ခြင်းနဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။ စပါးလင်ရေနွေးကြမ်းကို ရာသီအောင့်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ ရင်ပူခြင်းတို့အတွက် သဘာဝဆေးတလက်အဖြစ် အသုံးပြုနိုင်ပါတယ်။

စပါးလင်မှာ flavonoid နဲ့ tannin အများအပြား ပါဝင်တာကြောင့် အစာအိမ်အက်ဆစ်ကို ပျက်ပြယ်စေပြီး အက်ဆစ်ပြန်တက်ခြင်းနဲ့ အစာအိမ်ရောင်ခြင်းကို သက်သာစေပါတယ်။ စပါးလင်ရေနွေးကြမ်းကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

စပါးလင်မှာ အကိုက်အခဲပျောက်ဆေး အာနိသင် ရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဗိုက်နာခြင်းနဲ့ အကြောတက်ခြင်းတို့မှာ စပါးလင်ဆီကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

စပါးလင်မှာ အိပ်စက်ခြင်းအရည်အသွေးကို မြှင့်တင်ပေးတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး  စိတ်ကို ပြေလျော့စေတာကြောင့်  စပါးလင် စားသုံးခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု ရောဂါလက္ခဏာများကို လျှော့ချပေးပါတယ်။

စပါးလင်ဆီမှာ အစွမ်းထက် ပိုးသတ်ဆေးအာနိသင် ပါဝင်တာကြောင့် ထိခိုက်ရှနာတွေမှာ စပါးလင်ဆီ လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။

စပါးလင်မှာ မှိုသတ်ဆေး ဂုဏ်သတ္တိတွေ ပါ၀င်ပြီး မိန်းမကိုယ်မှိုပိုးတွေနဲ့ ခံတွင်းမှက္ခရုတွေကို ဖြစ်ပေါ်စေတဲ့ မှိုအမျိုးအစားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ခံတွင်းမှက္ခရုတွေမှာ စပါးလင်ပြုတ်ရည်ကို ငုံပေးခြင်းနဲ့ မိန်းမကိုယ်မှိုပိုးတွေအတွက် စပါးလင်ပြုတ်ရည်ဖြင့် ဖန်ဆေးခြင်း၊ ဖန်စိမ်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။

စပါးလင်မှာ ဘက်တီးရီးယားပိုးသတ်ဆေးနဲ့ ပိုးသတ်ဆေးဂုဏ်သတ္တိတွေ ပါ၀င်တာကြောင့် စပါးလင်ရေနွေးကြမ်းနဲ့ ပါးစပ်ပလုတ်ကျင်းခြင်းက သွားကြားရှိ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ သွားဖုံးရောင်ရမ်းခြင်းနဲ့ ခံတွင်းနံ့ဆိုးခြင်းကို ဖယ်ရှားပေးပါတယ်။

စပါးလင်ကို အသင့်အတင့် သုံးစွဲခြင်းက ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် မူးဝေခြင်း၊ ဆာလောင်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ဆီးသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

စပါးလင်နဲ့ ဓာတ်မတည့်သူတွေမှာ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ဓာတ်မတည့်သူတွေ စပါးလင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွေ စပါးလင် အလွန်အကျွံ သုံးစွဲခြင်း မပြုသင့်ပါ။ နှလုံးခုန်နှုန်းနည်းသူတွေ စပါးလင် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူတွေ စပါးလင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

သာဇဏ်
နွေဦးပြည်သူ
လက်လှမ်းမီဆေးဖက်ဝင်
စပါးလင်ပင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013