Home
မြန်မာသတင်း
ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးစီးအောင်ကျင်းပမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
March 26, 2025

၂၀၂၆ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို ပြီးစီးအောင် ကျင်းပမှာဖြစ်ပြီး မဲများသူ အနိုင်ရတဲ့ (FPTP) စနစ် အပြင် PR စနစ်ပါ သုံးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ 

မတ် ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြောသွားတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးကာလ စစ်ကောင်စီ အုပ်ချုပ်တဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ စဉ်းစားဆောင်ရွက်ခဲ့ပေမဲ့ ကိုဗစ်ကာလအလွန်ဖြစ်တာနဲ့  ရွေးကောက်ပွဲပြုလုပ်ဖို့ တည်ငြိမ်မှု လိုအပ်နေတဲ့အချိန် ဖြစ်တာကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

မဲစာရင်းကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာ တတိယအပတ်နဲ့ စတုတ္ထအပတ်၊ ဇန်နဝါရီ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း ပြုလုပ်ဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ အထမြောက်တဲ့ အဆင့်ကို ဦးစားပေးပြီး အထမြောက်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနဲ့ ငွေကြေးကုန်ကျမှုများပေမဲ့ နိုင်ငံနဲ့ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ဖို့ မလွယ်ကူတဲ့ Electronic Voting Machine စနစ်နဲ့ ကြိုတင်ပြင်နေတယ်လို့လည်း ဆိုပါတယ်။ 

လာမယ့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့လိုပြီး နိုင်ငံရေးပါတီတွေကိုလည်း ရွေးကောက်ပွဲဝင်နိုင်ဖို့ ဥပဒေနဲ့အညီ ခွင့်ပြုပေးထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ကြိုတင်မဲကိစ္စတွေနဲ့ပတ်သက်လို့လည်း နိုင်ငံတကာမှာ ဆောင်ရွက်နေတာတွေကို လေ့လာနေပြီး စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ မဲမသမာမှု ကင်းရှင်းတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

စစ်ခေါင်းဆောင်က “အရင်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မဲများသူ အနိုင်ရတဲ့ စနစ်(FPTP) စနစ်အပြင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့မှာ PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေး လျာထားကြောင်း အားလုံးသဘောတူဆုံးဖြတ်ပြီးပါက တနိုင်ငံလုံးကို အသိပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာဖြစ်တယ်” လို့လည်း ပြောပါတယ်။

သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် EVM စက်တွေနဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်း၊ တစ်ရက် နှစ်ရက်အတွင်း မဲစာရင်း အတည်ပြု ဆောင်ရွက်နိုင်ခြင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြီးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့  မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာ မဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ
မင်းအောင်လှိုင်
စစ်ခေါင်းဆောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013