Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော
DVB
·
March 26, 2025

အာဏာသိမ်း စစ်ခေါင်းဆောင်က လာမယ့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်တိုင်းမှူးတွေကို မတ် ၂၄ ရက်က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ မနေ့မနက်က ပြုလုပ်တဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

လာမယ့် ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲကျင်းနိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ထားဖို့ ပြောဆိုခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလကတည်းက ကာကွယ်ရေးနဲ့ ပြည်ထဲရေးပေါင်းကာ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ ပလကဖ အဖွဲ့တွေကို စစ်သင်တန်းပေးနေပြီး တိုင်းအစိုးရအဖွဲ့က ယူနီဖောင်းနဲ့ စားနပ်ရိက္ခာကို တာဝန်ယူရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ရန်ကုန်မှာဆိုတာ စစ်တပ်နဲ့ တိုင်းအစိုးရပေါင်းပြီး သင်တန်းတွေ ဆက်တိုက်ပေးနေတာ။ ရည်ရွယ်ချက်က ရွေးကောက်ပွဲအတွက်ပဲ၊ မဲရုံတွေ လုံခြုံရေးအတွက် ပြည်ထဲရေးက ရွေးကောက်ပွဲအတွက် အရန်ရဲ ခေါ်ဖို့လည်းရှိတယ်။ ရွေးကောက်ပွဲ ရက်မသတ်မှတ်သေးလို့ မခေါ်သေးတာ။”

မတ် ၁၉ ရက်က ရှမ်းတောင်မှာရောက်နေတဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကလောတပ်နယ်မှာ ရပခတိုင်းမှူးနဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တွေ့ဆုံပြီး ရှမ်းတောင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်သူ့စစ်တွေ၊ ပလကဖ အဖွဲ့တွေနဲ့ ပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပဖို့ အာသီသရှိနေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ အဲဒီမြို့တွေကိုပါ ပြန်တိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်အထိတော့ စစ်တပ်က ရသလောက် ပြန်တိုက်မှာပဲ။ ရာထူးတိုးပေးမယ်လည်း ပြောထားတော့ မရရအောင် တိုက်မယ်။ တိုင်းရင်းသားတွေကလည်း ရထားတဲ့မြို့ ပြန်မပေးရရေးအတွက် တတ်နိုင်သလောက် ခုခံမယ်၊  ပြည်တွင်းစစ်က ပိုကြီးလာမယ့်သဘောရှိတယ်။”

ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ပါတီ ၉ ခုက တနိုင်ငံလုံး ဝင်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ
စစ်ခေါင်းဆောင်
လုံခြုံရေးတိုးမြှင့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013