Home
မြန်မာသတင်း
ရေကြည်တွင် စစ်မှုမထမ်းဘဲ တိမ်းရှောင်သူများကို ဝရမ်းပြေးအဖြစ် ကြေညာရန် စာရင်းကောက်
DVB
·
March 24, 2025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ သတ်မှတ်အသက်ပြည့်မီပြီး စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေကို ဝရမ်းပြေးအဖြစ် ကြေညာဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ် ၂၁ ရက်က စတင်ပြီး ရေကြည်မြို့နယ်က ဂွေးတောက်ကျေးရွာအုပ်စု၊ ဂွေးတောက်ကွက်သစ်ကျေးရွာ အပါအဝင် ကျေးရွာတွေမှာ သတ်မှတ်အသက် ပြည့်မီပြီး စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်သူ လူစာရင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက သန်းခေါင်စာရင်းနဲ့ တိုက်စစ် ကောက်ယူနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေစာရင်းကို သန်းခေါင်စာရင်းနဲ့ တိုက်စစ်ပြီး စာရင်းယူနေတာ။ သန်းခေါင်စာရင်းစာရွက်တွေကြည့်ပြီး လူစစ်မေး ကောက်နေတာ။ ဒီနေ့အထိဆို စာရင်းကောက်တာ နှစ်ရက်ရှိပြီ” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်နေတဲ့ အမျိုးသားတွေရဲ့ စာရင်းကို ကောက်ယူရာမှာ  စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ လိုက်ပါလာတာဖြစ်ပြီး နေအိမ်တွေအထိ တအိမ်တက်တအိမ်ဆင်း လိုက်လံ စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားချက်နဲ့ လုပ်တာလို့ သိရတယ်။ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တွေကို ဝရမ်းပြေးအဖြစ် ကြေညာဖို့ စာရင်းလာကောက်တာ” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ အရင် စစ်မှုထမ်းအပတ်စဉ်တွေက  ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး မဲနှိုက်ရွေးချယ်တဲ့ စနစ်နဲ့ လုပ်ခဲ့ပေမဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ က စတင်ပြီး မဲနှိုက်ရွေးချယ်တာ၊ ကြိုတင်အသိပေး အကြောင်းကြားတာတွေ မလုပ်တော့ဘဲ နေအိမ်အရောက် စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီးတဲ့ စနစ်မျိုးကို ပြောင်းလဲလုပ်ဆောင် ခေါ်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ရေကြည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းကလည်း ငါးသိုင်းချောင်းမြို့နယ်ထဲမှာ စစ်မှုမထမ်းလိုတဲ့အတွက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေကို စာရင်းပြုစုပြီး ဝရမ်းပြေးတွေအဖြစ် ကျေးရွာတွေမှာ လိုက်လံကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကလည်း သူတို့ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေဟာ ဥပဒေနဲ့အညီ မလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ မတ် ၂၀ ရက်မှာ ကလောတပ်နယ်က တပ်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဝရမ်းပြေး
ရေကြည်
စစ်မှုထမ်း
စစ်ကောင်စီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013