Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အရပ်ဘက်အဖွဲ့အစည်းများ စောင့်ကြည့်ခွင့်ရ၊ မရ မသေချာ
DVB
·
March 19, 2025

အာဏာသိမ်းစစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို အရပ်ဘက်အဖွဲ့အစည်းတွေ စောင့်ကြည့်ခွင့် ရ၊ မရ မသေချာဘူးလို့ ပြည်တွင်း ပြည်ပမှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံနဲ့ ဘီလာရုစ် နိုင်ငံတွေကို သွားရောက်ခဲ့ချိန်မှာ ဒီနှစ်အကုန်မှာလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်ခဲ့သလို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောဆိုနေတာပါ။

ဒါပေမဲ့ ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ အရပ်ဘက်အဖွဲ့စည်းတွေကို အဲဒီရွေးကောက်ပွဲမှာ စောင့်ကြည့်ဖို့ အာဏာသိမ်းစစ်တပ်က ဖိတ်ခေါ်တာမရှိသေးပါဘူး။

စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအကြောင်းကို မရှင်းပြသလို အရပ်ဘက် အဖွဲ့အစည်းအတွေဘက်ကလည်း စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ မှတ်ပုံတင်ထားတာ မရှိဘူးလို့ ပြည်တွင်းမှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်က သူတို့ကိုထောက်ခံတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကတချို့ကို စောင့်ကြည့်လေ့လာခွင့်ပေးနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူက သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်က သူတို့ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ပြောဆိုနိုင်ဖို့အတွက် အချက်အလက်တခုအနေနဲ့ ပြည်တွင်းမှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထုတ်သုံးနိုင်ပေမဲ့ အဲဒီအဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲကို ပီပီပြင်ပြင် စောင့်ကြည့်ခဲ့ဖူးတဲ့ အဖွဲ့တွေ မဟုတ်ဘူးလို့ ပြည်ပကို တိမ်းရှောင်လာခဲ့တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေ စောင့်ကြည့်လေ့လာခွင့်မရခဲ့ဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက စပြီး မြန်မာနိုင်ငံတွင်းမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို‌ စောင့်ကြည့်ခွင့်ပေးခဲ့ပါတယ်။

အောင်သူ

ရွေးကောက်ပွဲ
အရပ်ဘက်အဖွဲ့အစည်း
စစ်ကောင်စီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013