Home
မြန်မာသတင်း
မြန်မာကလေး ၃၀၀ ကျော် စာသင်နေသည့် ဖူးကက်မှစာသင်ကျောင်း ရပ်နားခံရ
DVB
·
March 19, 2025

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ဖူးကက်မြို့ပေါ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ရင်သွေး  ၃၀၀ ကျော် တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်းတခုကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ရပ်နားဖို့ ညွှန်ကြားလိုက်ပါတယ်။

ဖူးကက်မြို့၊ တလတ်ယိုင်ရပ်ကွက်ရှိ စာသင်ကျောင်းမှာ မြန်မာကျောင်းသားတွေ ရာနဲ့ချီ ဝင်ရောက်သင်ကြားနေကြောင်း သတင်းရရှိတဲ့အတွက် ဥပဒေနဲ့အညီ ဖွင့်လှစ်ခြင်းရှိမရှိကို သက်ဆိုင်ရာက ယမန်နေ့ မတ် ၁၇ ရက်မှာ သွားရောက်စစ်ဆေးပြီး သင်ကြားရေးရပ်နားထားဖို့ ညွှန်ကြားထားကြောင်း  မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးဌာန၊ လဝကရဲတပ်ဖွဲ့၊ လုံခြုံရေးကောင်စီနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါစာသင်ကျောင်းကို စစ်ဆေးရာမှာ ဆီရိချုမ်းဖားဘန်း ဆိုတဲ့ ဖောင်ဒေးရှင်းနဲ့ တွဲလျက် Good Shepherd School ဆိုတဲ့ စာသင်ကျောင်းဆိုင်းဘုတ်ရှိတယ်၊ ကျောင်းဆောင်မှာ ခိုင်ခံ့တဲ့ တံတိုင်းတွင်းမှာ တည်ရှိတယ်၊ ၃ ထပ် အဆောက်အအုံဖြစ်ပြီး အောက်ဆုံးထပ်မှာ ရုံးခန်း၊ ဧည့်ခန်း၊ စားသောက်ခန်း၊ မီးဖိုခန်းနဲ့ ဒုတိယနဲ့ တတိယထပ်မှာတော့ စာသင်ခန်း ၁၄ ခန်း၊ စာကြည့်တိုက်၊ နားနေခန်း၊ အဲယားကွန်း၊ သင်ကြားထောက်ကူပြုပစ္စည်းတွေ စနစ်တကျ ထားရှိတယ်၊ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရှိပြီး အများစုမှာ ဖူးကက်ရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား သားသမီးတွေ ဖြစ်တယ်၊ နိုင်ငံခြားသားဆရာ ၃ ယောက်နဲ့ မြန်မာဆရာ ၈ ယောက်ရှိပြီး ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာအပြင် သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ အားကစား အစရှိတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ တကယ့်စာသင်ကျောင်းလို သင်ကြားတယ်လို့ ဆိုပါတယ်။

ဖောင်ဒေးရှင်းတာဝန်ခံ စစ္စတာ လတ်ခန ဆုခ်ဆုကျစ် ဆိုသူကတော့ ဒီဖောင်ဒေးရှင်းဟာ ဖူးကက်မြို့တွင်း နေထိုင်တဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်ခဲ့တဲ့ ၁၁ နှစ်က ထူထောင်လာခဲ့တယ်၊ ဖူးကက်အသိုက်အဝန်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်လာပြီး သူတို့ရဲ့ ကလေးတွေဟာ ပညာရေးမှာ အခွင့်အလမ်းမဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံခြားက အလှူငွေနဲ့ သင်ကြားရေးစင်တာပါ တွဲပြီး ဖွင့်လှစ်ရတယ်၊ လက်ရှိမှာ ကလေးအရေအတွက် ရာနဲ့ချီရှိလာတော့ အလှူငွေပံ့ပိုးမှုနဲ့ မလောက်ငတာကြောင့် ကလေးမိဘ အုပ်ထိန်းသူတွေနဲ့ တိုင်ပင်ပြီး ကလေးတယောက်ကို ဘတ် ၅၀၀ မှ ၁,၀၀၀ ထိ လစဉ်ကြေးကောက်ခံတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စာသင်ကျောင်းက ထိုင်းပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိမနေတဲ့အပြင် ခွင့်ပြုချက် စာရွက်စာတမ်းတွေ မရှိဘူး၊ ဖောင်ဒေးရှင်းက တရားဝင်ပေမဲ့ စာသင်ကျောင်းက တရားမဝင်လို့  ရပ်နားထားဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒီကြားထဲမှာ ကျောင်းတာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ပညာရေးရုံးရဲ့ လမ်းညွှန်ချက်တွေနဲ့ ညီညွတ်အောင် ဆောင်ရွက်ရမယ်၊ သက်ဆိုင်ရာက ခွင့်ပြုချက်ရမှာ ပြန်ဖွင့်ရမယ်လို့ ညွှန်ကြားထားပါတယ်။

တာဝန်ရှိသူတွေဟာ ဆရာ/ဆရာမတွေရဲ့ အထောက်အထားနဲ့ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရဲ့ မိဘအုပ်ထိန်းသူ အထောက်အထားတွေကိုပါ စစ်ဆေးဖို့ ကောက်ခံထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား : https://mgronline.com/south/detail/9680000025892

စာသင်ကျောင်း
ဖူးကက်
မြန်မာကျောင်းသား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013