Home
မြန်မာသတင်း
အခြေခံပညာကျောင်းသားများ နွေရာသီတွင် ကျောင်းပြန်တက်ရမည်
DVB
·
March 17, 2025

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီမှာ ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမယ်လို့ ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနက သိရပါတယ်။  

၂၀၂၄-၂၅ ပညာသင်နှစ်မှာ စာမေးပွဲဖြေဆိုပြီးစီးထားတဲ့ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဧပြီလထဲမှာ ကျောင်းပြန်တက်ရမှာဖြစ်ပြီး ပြင်ပသင်တန်းတခုခု တက်ရောက်နေတဲ့ ကျောင်းသားတွေ တက်ရောက်စရာမလိုဘဲ အွန်လိုင်းပေါ်မှာ အဆိုပါ ကျောင်းတက်ရက်တွေ မတက်ရင် အတန်းတင်မပေးဘူး ဆိုတာတွေဟာ မဟုတ်၊ မမှန်ဘူးလို့ ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနက အရာရှိတယောက်က ပြောပါတယ်။ 

“ဧပြီလ ၁ ရက်နေ့တက်ရဖို့ များပါတယ်။ ဧပြီလထဲမှာ ၁၅ ရက်နဲ့ မေလထဲမှာ ၅ ရက် တက်ရမှာပါ။ အဓိကက အင်္ဂလိပ်စာသင်ပေးမယ်။ အင်္ဂလိပ်စာမတက်ချင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းသင်ခန်းစာတွေ ပြန်သင်ပေးမှာပါ။ မတက်မနေရမဟုတ်ပါဘူး။” 

အဆိုပါကျောင်းတက်ရက်တွေအတွက် သင်တန်းကြေးပေးစရာမလိုဘဲ တရက်ကို ကျောင်းတက်ချိန် အများဆုံး ၂ နာရီလောက်သာ သင်ကြားမှာဖြစ်ပြီး သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကိုလည်း တာဝန်ခွဲဝေချထားပေးမယ်လို့ သိရပါတယ်။  

ဒီလိုနွေရာသီမှာ ကျောင်းတက်ခိုင်းတဲ့အပေါ် ကျောင်းသားမိဘအချို့က ထောက်ခံပြီး ကျောင်းသားမိဘတချို့ကတော့ ကန့်ကွက်နေကြပါတယ်။  

ကျောင်းသားမိဘတယောက်က “အရမ်းပူတဲ့ ကာလဖြစ်တော့ ကျောင်းပို့၊ ကျောင်းကြိုရတာ မလွယ်ဘူး။ ကလေးလည်း ပင်ပန်းတယ်။ မတက်လည်းရတယ်ဆိုတော့ မတက်ခိုင်းတော့ဘူး။ မတက်မယ့်သူ များမှာပါ။ တချို့မိဘတွေကတော့ အိမ်မှာနေလည်း အလကားပဲ၊ ကျောင်းတက်ခိုင်းထားတာ အကျိုးရှိတယ်လို့ ယူဆသူတွေလည်းရှိတာပေါ့” လို့ ပြောပါတယ်။  

နွေရာသီမှာ ကျောင်းတက်ဖို့ အခြေခံပညာကျောင်းတွေတင် အကျုံးဝင်တာမဟုတ်ဘဲ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေပါ အကျုံးဝင်တာကြောင့် ပုဂ္ဂလိကကျောင်းတွေလည်း ကျောင်းဖွင့်အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

ဒီလိုနွေရာသီမှာ ကျောင်းတွေဖွင့်ပြီး သင်ခန်းစာအဟောင်းတွေကို ပြန်လည်သင်ကြားတာ၊ အကျိုးပြုသင်တန်းတွေဖြစ်တဲ့ အဂ်လိပ်စာ၊ ကွန်ပျူတာတို့လို ဘာသာရပ်တွေ သင်ကြားပေးဖို့ ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ MSME ထုတ်ကုန်ပြပွဲမှာ ထည့်သွင်းပြောဆိုပြီးနောက် စစ်ကောင်စီပညာရေးဌာနက အခုလို စီစဉ်လာတာပါ။

နွေရာသီ
အခြေခံပညာကျောင်း
ကျောင်းတက်ရက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013