Home
မေးမြန်းခန်း
“ပြည်သူတွေရဲ့မျက်ရည်တွေကို သုတ်ပေးမယ့် ပြည်သူ့သားသမီးတွေလာနေပါပြီ” ရဲဘော် နီနီကျော် 
DVB
·
March 16, 2025

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဟာ အခုဆိုရင် တပ်တည်ထောင်တာ ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

PLA ကို ပြန်လည်ဖွဲ့စည်းဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာ ဘယ်လို ပါဝင်နေတယ် ဆိုတဲ့ အကြောင်းတွေကို PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်  နဲ့ DVB က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ ပထမဆုံးအနေနဲ့ PLA ကို ဘာလို့ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရတာလေး ပြောပြပေးပါ။ 

ဖြေ။ ဖက်ဆစ်စစ်တပ် ပြုတ်ကျပြီး စစ်အာဏာရှင်စနစ် ဗမာ့မြေပေါ်က လုံးဝ ပျောက်ကွယ်သွားပြီး ဗမာတပြည်လုံးမှာရှိတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လွတ်မြောက်ဖို့အတွက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပြန်လည်တည်ထောင်ခဲ့တာပါ။ 

မေး။ PLA အနေနဲ့ လာမယ့်အနာဂတ်မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမူဝါဒ၊ ဘယ်လို သဘောထားတွေနဲ့ ဆက်သွားမလဲ။ 

ဖြေ။ PLA အနေနဲ့ အနာဂတ်မှာ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ နိုင်ငံရေးစနစ် ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ဆောင်ရွက်သွားမှာပါ။ 

မေး။ လက်ရှိမှာ PLA အနေနဲ့ ဘယ်ဒေသမှာအခြေပြုပြီး တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်နေလဲ။ ပြည်သူတွေရဲ့ ထောက်ခံမှုတွေဘယ်လောက်အထိရရှိထားပြီလဲ။ 

ဖြေ။ PLA က ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သရီတိုင်းနဲ့ တခြားဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။ ဒေသအသီးသီးမှာ လူထုရဲ့ထောက်ခံမှု တိုးပွားလာလို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 

မေး။ စစ်အာဏာရှင်ပြုတ်ကျဖို့ ဘယ်လောက်အထိ စိတ်ဆန္ဒရှိလဲ။ စစ်အာဏာရှင် ပြုတ်ကျသွားရင်ရော PLA က ဘယ်လိုဆက်သွားမယ်ဆိုတဲ့ မူဝါဒမျိုးတွေရောရှိလား။ 

ဖြေ။ စစ်အာဏာရှင်ပြုတ်ကျဖို့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရအောင်ကျော်လွှားပြီး တနိုင်ငံလုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားဖို့ သန္နိဋ္ဌာန် ခိုင်မာစွာချထားပါတယ်။ စစ်အာဏာရှင် ပြုတ်ကျပြီးသွားရင်လည်း ပြည်သူလူထုတရပ်လုံး အကျိုးရှိမယ့်လုပ်ငန်းတွေကို အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။

မေး။ လက်ရှိမှာ PLA အနေနဲ့ မဟာမိတ်ဖွဲ့စည်းထားတာတွေ ဘယ်လိုရှိလဲ။ မဟာမိတ်တွေနဲ့ တိုက်ပွဲဝင်ထားတာ ဘယ်လောက်အထိ အောင်မြင်မှုရထားပြီးပြီလဲ။ 

ဖြေ။ မဟာမိတ်တွေ ပိုပြီးတိုးပွားလာပါတယ်။ မဟာမိတ်တွေနဲ့အတူတွဲပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေမှာ အောင်မြင်မှုတွေရအောင် တိုက်ပွဲဝင်နိုင်ခဲ့လို့ အပြန်အလှန် ယုံကြည်မှုတွေ ပိုမိုရရှိလာပါတယ်။ PLA ရဲ့ မဟာမိတ်မူကတော့ တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NUG နဲ့ NUG အောက်ကမဟုတ်တဲ့ တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်။

မေး။‌ နောက်ဆုံးတခုအနေနဲ့ ပြည်သူတွေ ခွန်အားပေးနိုင်မယ့် ပြောစကားတခုခုများရှိမလား။ 

ဖြေ။ PLA ဟာ ပြည်သူလူထုရဲ့ သားသမီးတွေ ဖြစ်ပါတယ်။ ပြည်သူမျက်ရည်ကျရင်၊ သွေးမြေကျရင် PLA တပ်မတော်သားတွေရဲ့ ရင်ထဲမှာ ထပ်တူ ဝမ်းနည်းကြေကွဲ နာကြည်းရပါတယ်။ စစ်အုပ်စုရဲ့ ယုတ်မာ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ အလူးအလိမ့် ခံစားနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးမယ့် PLA တဖန် ပေါ်ထွက်လာပါပြီ။ ပြည်သူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးမယ့် ပြည်သူ့သားသမီးတွေ လာနေပါပြီ။ ပြည်သူတွေ မြင်ချင်နေတဲ့ လောကသစ်ကြီး မြင်လာရတော့မှာပါ။ ပြည်သူတွေ စိတ်ဓာတ်မကျ အားမငယ်ဘဲ တိုက်ပွဲဆက်လက်ဝင်ပေးကြပါ။ ပြည်သူသည်သာ သမိုင်းဖန်တီးသူများ ဖြစ်ပါတယ်။ ​မိဘပြည်သူများနဲ့ မဟာမိတ်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။ DVB ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

Photo: PLA  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
PLA
ဗမာပြည်ကွန်မြူနစ်ပါတီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013