Home
မြန်မာသတင်း
AA ထိန်းချုပ်ဒေသတွင် အာရက္ခပညာရေး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်
DVB
·
March 14, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ မြို့နယ်မှာ ဒီနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုဖို့ ရှိနေပေမဲ့ အနာဂတ်ပညာရေး ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတဲ့အပေါ် ကျောင်းသူ ကျောင်းသားတွေကြားမှာ စိုးရိမ်ပူပန်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စစ်တပ်ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီပညာရေးအတိုင်း ဖြေဆိုရမှာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ မြို့နယ်မှာတော့  Grade 12 တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပထမဆုံးအနေနဲ့ အာရက္ခအမျိုးသား ပညာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကျောင်းသူကျောင်းသားတွေ ဖြေဆိုနိုင်မှာဖြစ်တယ်လို့ အာရက္ခအမျိုးသား ပညာရေးဌာနကနေ  သိရပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ စာမေးပွဲမဖြေဆိုလိုက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့အတူ လက်ရှိ ပညာသင်နှစ်က ကျောင်းသူ ကျောင်းသားတွေဟာ ဒီနှစ်မှာတော့ စာမေးပွဲဖြေဆိုခွင့် ဖောင်တင်ထားကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခအမျိုးသားပညာရေးဌာနမှ ဆရာမတယောက်က “အာရက္ခပြည်သူ့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တွေမှာတော့ နှစ်ဟောင်း G12 ကျောင်းသားတွေကတော့ စာမေးပွဲဖြေဆိုဖို့ ရှိနေပါတယ်။ အခုက ခုံနံပါတ်တွေ ထွက်ထားပါပြီ။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်စာစစ်ဌာနတွေမှာ ဖြေဆိုရမယ် ဆိုတာကိုတော့ အတိအကျပြောပြဖို့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်က နေ့တိုင်းလိုလိုရှိတော့ အဲဒါကို အထူးသတိပြု နေနေကြရလို့ပါ” လို့ ပြောပါတယ်။

အာရက္ခအမျိုးသားပညာရေးဌာနရဲ့ သတ်မှတ်ချက်အရ G 3၊ G 4၊ G 6၊ G 7၊ G 10 နဲ့ G 11က မြို့နယ်အစိုးရစစ်ဖြစ်ပြီး G 5 နဲ့ G 9 က ခရိုင်အစိုးရစစ် လို့ဆိုကာ G 12 ကို နိုင်ငံတော်အဆင့် စာမေးပွဲအနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့နယ်အလိုက် လုံခြုံရေးအခြေအနေပေါ် မူတည်ပြီးတော့ G 12 ကလွဲပြီး ကျန်တဲ့အတန်းတွေက အာရက္ခအမျိုးသားပညာရေးဌာနရဲ့ စာမေးပွဲ ဖြေဆိုနေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး ဆေးကျောင်းတက်ခွင့်ရခဲ့တဲ့ ကျောင်းသားတယောက်ကတော့ စစ်ရေးပဋိပက္ခတွေကြောင့် ရှေ့ဆက်လုပ်‌ဆောင်ရမယ့် အခွင့်အလမ်းတွေ ပျောက်ဆုံးနေပြီး စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

“လက်ရှိဖြစ်ပွားနေတဲ့ စစ်‌ရေးပဋိပက္ခတွေ၊ စစ်ရေး နိုင်ငံ‌ရေး အခြေအနေတွေက ရခိုင်မှာကျန်ရှိနေတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းမရှိဘူး။ ပျောက်ဆုံးနေတယ်။ အနာဂတ်အိပ်မက်တွေကို မှုန်ဝါးဝါးနဲ့ လျှောက်လှမ်းနေရသလိုမျိုး ဖြစ်သွားတယ်။ ဆယ်တန်းပြီးလို့ ဆေးကျောင်းပါတယ်။ ဒါပေမဲ့ ဝင်ခွင့်စာမေးပွဲဖြေဖို့ မသွားနိုင်ဘူး။ ဒါကြောင့် ဆက်တက်လို့မရတဲ့ အခြေအနေ ဖြစ်သွားပြီ။ ခုလောလောဆယ်မှာ ပညာလည်း ဆက်ပြီးမသင်နိုင်၊ ပြည်မကိုသွားဖို့အတွက်လည်း ပညာရပ်ကို ဆက်ပြီး လေ့လာသင်ယူမယ် ဆိုရင်လည်း လမ်းခရီးအခက်အခဲရှိတယ်၊ သွားလာဖို့ မလွယ်ကူဘူး။”

တဖက်မှာလည်း လူငယ်တွေရဲ့ ပညာရေးကဏ္ဍနဲ့ ပတ်သတ်ပြီး အနာဂတ်၊ အခွင့်အလမ်းတွေကို အာရက္ခပညာရေးဌာနအနေနဲ့ မြင်မြင်သာသာ လုပ်ဆောင်နေတာမျိုး မတွေ့ရဘူးဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လက်ရှိ တော်လှန်ရေးတရပ်ကို ဖော်ဆောင်နေတာဖြစ်တဲ့ အတွက်ကြောင့် ရှေ့ဆက်လုပ်ဆောင်ရမယ့် ပညာရေးကကဏ္ဍတွေနဲ့ ပတ်သက်ပြီး ပြောပြဖို့ စောနေပါသေးတယ်လို့ အာရက္ခအမျိုးသားပညာရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

“တော်လှန်ရေးကာလမှာ အရာအာလုံးကို အိတ်သွန်ဖာမှောက် ချပြလို့မရပါဘူး။ ကျနော်တို့ ပညာရေးဌာနက တိုင်းပြည်တည်ဆောက်ဖွံ့ဖြိုးစည်ပင် တိုးတက်အောင် လုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို မွေးထုတ်ပေးနေတဲ့ ဌာနတခုပါ။ အဲဒီကျောင်းသားတွေရဲ့ ပညာရေး ကဏ္ဍအတွက် အစီအစဉ်တွေက အများကြီးရှိပါတယ်။ ဒီအချိန်မှာတော့ ပြောပြဖို့ စောနေပါသေးတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြည့်ဝတဲ့ စိတ်ဓာတ်ကောင်းမွန်တဲ့ ကျောင်းသားတွေဖြစ်အောင် အရင်ဆုံး ကြိုးစားပေးစေချင်ပါတယ်။ အခွင့်အရေးနဲ့ အခွင့်အလမ်းက နောက်က လိုက်လာပါလိမ့်မယ်။”

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေမှာတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၂,၀၉၇ ယောက် ရှိတယ်လို့ သိရပါတယ်။

ရခိုင်မှာ ဒေသမတည်ငြိမ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြတဲ့ လူငယ်တွေလည်း အများအပြား ရှိနေပါတယ်။

ကေခိုင်

AA
အာရက္ခပညာရေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013