Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ ပုဂ္ဂလိကကျောင်းများ နွေရာသီမပိတ်ပါက အရေးယူခံရမည် 
DVB
·
March 12, 2025

ဧရာဝတီတိုင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်းတွေအနေနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ဘာသင်တန်းမှမဖွင့်ဘဲ ပိတ်ထားဖို့နဲ့ မလိုက်နာရင် ကျောင်းပိတ်သိမ်းတဲ့ အထိ ရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက  အသိပေးထားတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

အစိုးရကျောင်းတွေမှာတော့ နွေရာသီ ၃ လသင်တန်းတွေဖွင့်ဖို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက မတ်လဆန်းက စတင်အကြောင်းကြားထားတာလို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

“ပုဂ္ဂလိကကျောင်းတွေကို နွေရာသီပိတ်ရက်မှာ အားလုံးပိတ်ထားရမယ်လို့ အကြောင်းကြားတာ။ အစိုးရက အစိုးရကျောင်းတွေမှာ ပန်းချီသင်တန်းတွေ အပါအဝင် သင်တန်းတွေ ဖွင့်ပေးမှာကြောင့် အဟန့်အတားမဖြစ်အောင် ပိတ်ထားဖို့ ပြောတာ။ မလိုက်နာရင် ကျောင်းပိတ်တဲ့အထိ အရေးယူမယ်လို့ ပြောတယ်။”

နွေရာသီကျောင်းပိတ်ရက်တွေမှာ စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေမှာ ပန်းချီ၊ ပန်းပုနဲ့ အားကစားသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းတွေကို ဖွင့်လှစ်မှာ ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ အလှည့်ကျသင်တန်းလာတက်ကြဖို့ကိုပါ ကျောင်းတွေကို  ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံ ကျောင်းသားမိဘတယောက်က “ငွေမမချမ်းသာပေမဲ့ နွေရာသီကျောင်းပိတ်ရက်ဆို ပုဂ္ဂလိကကျောင်းမှာပဲ ထားချင်တာ။ ပုဂ္ဂလိကကျောင်းတွေက သင်ကြားရေးမှာထိရောက်မှု ရှိတာကြောင့်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီက နွေရာသီ ၃ လ ကျောင်းပိတ်ရက်မှာ ပုဂ္ဂလိကကျောင်းတွေ ပိတ်ခိုင်းထားတဲ့အတွက် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းလုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေ အခက်အခဲရှိလာပြီး ကျောင်းသားမိဘတွေလည်း အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း
ပုဂ္ဂလိကကျောင်း
နွေရာသီကျောင်းပိတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013