Home
မြန်မာသတင်း
အာဏာသိမ်းသက်တမ်းတိုးမှု ရပ်တန့်ပြီးမှ ရွေးကောက်ပွဲကျင်းပရမည်ဟု နိုင်ငံရေးပါတီများပြော 
DVB
·
March 10, 2025

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတဲ့ ကာလသက်တမ်းထပ်တိုးနေတာကို ရပ်တန့်ပြီးမှ ရွေးကောက်ပွဲကျင်းပလို့ရမယ်လို့  မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ရွေးကောက်ပွဲကို ဒီနှစ်အကုန်နဲ့  ၂၀၂၆ ခုနှစ်စ ဇန်နဝါရီလမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ဘီလာရုစ်နိုင်ငံကိုရောက်ရှိချိန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ နည်းဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘဲ ရွေးကောက်ပွဲကိုလည်း ဘယ်စနစ်နဲ့ ကျင်းပမလဲ ဆိုတာကိုပါ တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

တနိုင်ငံလုံးအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် တိုင်းပြည်အခြေအနေဟာ သာမန်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းသက်တမ်းကို စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး သက်တမ်းကို အလီလီတိုးလာခဲ့ပါတယ်။

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ အမှန်တကယ်လုပ်ဖို့ ရည်ရွယ်ထားရင်တော့ စစ်တပ်ရဲ့ အထပ်ထပ်တိုးလာတဲ့ အာဏာသိမ်းသက်တမ်းကို ရပ်တန့်ရလိမ့်မယ်လို့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ  ဦးသိမ်းကြည်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တိုင်းပြည်ရဲ့ တည်ငြိမ်တဲ့ မဲဆန္ဒနယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ နိုင်ငံရေးပါတီတွေကို ပြောထားသလို မဲပေးနိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း မဲရုံကိုလာရောက်ဖို့မလိုဘဲ မဲပေးနိုင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးနေသလို ရွေးကောက်ပွဲကိုလည်း အပိုင်းလိုက် ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲကို ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ် နိုင်ငံတွေက ကူညီမှုရရှိတဲ့အတွက် အားဖြစ်စေတယ်လို့ ပြောဆိုသလို ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ရင် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲကို ရုရှားနဲ့ တရုတ်နိုင်ငံတွေက နည်းပညာအကူအညီတွေ ရထားပြီးဖြစ်တာကြောင့် တရားမဝင်တဲ့ ရွေးကောက်ပွဲကို ဟန့်တားနိုင်ဖို့ နယ်မြေအားလုံးမှာ  စစ်ရေးအရ အသာယူပြီး ထိန်းချုပ်ထားနိုင်ရေးပဲ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် နိုင်ငံတကာက စိုးရိမ်မှုရှိနေသလို အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တဲ့ အခြေအနေ ရှိလာနိုင်တာကြောင့် အန္တရာယ်များတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံရေးအသိုက်အဝန်းက သတ်မှတ်ထားကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ်ကတော့ အာဏာသိမ်းစစ်တပ်ဟာ မဲမသမာမှုရှိခဲ့ ပါတဲ့ဆိုတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို ဖယ်ပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာနိုင်တာကြောင့် အဲဒီရွေးကောက်ပွဲကို လက်မခံဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုခဲ့ပါတယ်။

လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေအရ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အခင်းအကျင်း မရှိပေမဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပနိုင်ဖို့အတွက် စစ်တပ်ရဲ့ အာဏာသိမ်းသက်တမ်း တိုးတာကို ရပ်တန့်ပြီး အရပ်သားအစိုးရပုံစံနဲ့ သွားမှာလားဆိုတာက စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက ပြောပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၄ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမှာ ဖြစ်ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

စစ်ကောင်စီက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ  ၁ ရက်ကနေ ဒီဇင်ဘာလလယ်ပိုင်းအထိ ကောက်ယူခဲ့တဲ့ မအောင်မြင်ခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းပါ အချက်အလက်တွေကို အခြေခံမယ်လို့ ပြောဆိုပါတယ်။

အဲဒီ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ ထဲက မြို့နယ် ၁၄၅ မြို့နယ်မှာသာ ကောက်ယူနိုင်ခဲ့ပြီး တပိုင်းတစ ကောက်ယူနိုင်ခဲ့တဲ့ မြို့နယ် ၁၂၇ မြို့နယ်နဲ့ လုံးဝကောက်ယူလို့မရတဲ့ မြို့နယ် ၅၈ မြို့နယ် ရှိပါတယ်။

အောင်သူ

ရွေးကောက်ပွဲ
နိုင်ငံရေးပါတီ
စစ်ကောင်စီ
အာဏာသိမ်းသက်တမ်းတိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013