Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၌ အရေပြားယားနာရောဂါ ခံစားနေရသူများကို AA က အခမဲ့ဆေးကုသပေး
DVB
·
March 10, 2025

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မတ် ၇ ရက်က အရေပြားယားနာရောဂါ ခံစားနေရတဲ့ ဒေသခံပြည်သူ ၁၆၀ ကျော်ကို အာရက္ခတပ်တော် (AA) က အခမဲ့ ဆေးကုသပေးခဲ့တယ်လို့  ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ အရေပြားယားနာရောဂါ ခံစားနေရတဲ့ ဒေသခံပြည်သူ ၁၆၄ ယောက်ကို အာရက္ခတပ်တော် ဆေးအဖွဲ့၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဝန်ထမ်းတွေ ပူးပေါင်းပြီး အခမဲ့ ဆေးကုသပေးခဲ့ကြတာ ဖြစ်ပါတယ်။

AA နဲ့ နီးစပ်သူတယောက်က “အရေပြားရောဂါ ဖြစ်နေတာကတော့ ပုဏ္ဏားကျွန်းမြို့နယ် တခုတည်း မဟုတ်ဘူးဗျ။ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တခြားမြို့နယ်တွေမှာလည်း ဖြစ်ပွားနေကြပါတယ်။ အဓိကတော့ မသန့်ရှင်းတဲ့ရေကို အသုံးပြုနေရတာကြောင့် အရေပြားယားနာတွေ ဖြစ်ပွားနေကြတာ” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း အရေပြားယားနာ ဖြစ်ပွားနေတဲ့ ပြည်သူ ၂၀၇ ယောက်ကို AA နဲ့ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး အခမဲ့ ဆေးဝါးကုသပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ကာ AA နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဆေးဝါးစျေးနှုန်းတွေ ၅ ဆထက်မနည်း မြင့်တက်ခဲ့လို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

ပုဏ္ဏားကျွန်း
AA
အရေပြားယားနာရောဂါ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013