Home
မြန်မာသတင်း
ဘယ်လ်ဂျီယံ ဓာတ်ပုံသတင်းထောက် မြန်မာ-အိန္ဒိယနယ်စပ်၌ ဖမ်းဆီးခံရ
DVB
·
March 10, 2025

မြန်မာနိုင်ငံနဲ့ နယ်စပ်၊ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း  မီဇိုရမ်ပြည်နယ်မှာ  ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘယ်လ်ဂျီယံ နိုင်ငံသား ဓာတ်ပုံသတင်းထောက်တယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Belga News Agency သတင်းမှာ မတ် ၉ ရက်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူဟာ ဆိုင်မွန် ကလဲမန့်အမည်ရတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး သူ့ကို မီဇိုရမ်ပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ စိတ်ချယုံကြည်ရတဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အိန္ဒိယအာဏာပိုင်တွေက သူ့ကို မြန်မာနိုင်ငံဘက်ကို တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သံသယရှိနေတာပါ။

ဒါ့အပြင် သူ့လက်ထဲမှာ ကျည်ဆန်ခွံအလွတ်တခုကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ဒါကို ကလဲမန့်ကတော့ အမှတ်တရ ပစ္စည်းအနေနဲ့ သိမ်းဆည်းထားတာလို့ ဖြေရှင်းထားပါတယ်။

အဆိုပါ ဒေသတွင်းမှာတော့ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်တိုက်ပွဲအခြေအနေနဲ့ နယ်စပ်ပြဿနာတွေကြောင့် ဒီလိုကိစ္စရပ်တွေက ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ကလဲမန့်ကို ကျည်ဆန်အလွတ် လက်ဝယ်ထားရှိမှုနဲ့ နယ်စပ်ဖြတ်ကျော်မှု နှစ်ခုစလုံးနဲ့ တရားစွဲဆိုထားကြောင်း သိရပြီး အချိန်ဘယ်လောက်ကြာကြာ ဖမ်းဆီးချုပ်နှောင်ထားမယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဘရပ်ဆဲလ်က နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါကိစ္စကို သိရှိထားပြီး နယူးဒေလီမြို့က သံရုံးနဲ့ ဆက်သွယ်ကာ အနီးကပ် စောင့်ကြည့်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Belga News Agency

ဘယ်လ်ဂျီယံ
မြန်မာ-အိန္ဒိယနယ်စပ်
ဓာတ်ပုံသတင်းထောက်
မီဇိုရမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013