Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရန် အဖွဲ့အစည်း ၂၅ ဖွဲ့ တောင်းဆို
DVB
·
March 8, 2025

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အဖွဲ့  ၂၅ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၂၅ ဖွဲ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (IWD) အတွက် သဘောထား ထုတ်ပြန်ခဲ့ကြတာပါ။

နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီက ကျူးလွန်မှုတွေ၊ ပြည်သူလူထု အချင်းချင်းကြား ကျူးလွန်မှုတွေအပြင် တော်လှန်ရေးအင်အားစုတွေက ကျူးလွန်မှု တိုင်ကြားချက်တွေကို အမျိုးသမီးအဖွဲ့တွေက စဥ်ဆက်မပြတ်လက်ခံရရှိနေပြီး ဒီလို တိုင်ကြားချက်တွေကို စိစစ်ကာ အကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ ထွက်ဆိုချက်တွေကို ကြားနာပြီးနောက် မတ် ၈ ရက် ဒီကနေ့မှာ အခုလို သဘောထားထုတ်ပြန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ပဋိပက္ခအတွင်း အမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက်တာဟာ စစ်ရာဇဝတ်မှု‌မြောက်ကြောင်း၊ စစ်‌ကောင်စီရဲ့ လူမဆန်စွာကျူးလွန်မှုတွေအတွက် ကျူးလွန်သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်မရှိစေရေး အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေက အမျိုးသားတွေဟာ အာဏာနဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ စော်ကားနှောင့်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာကို လွန်စွာစိတ်ပျက်မိကြောင်းနဲ့ အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူတွေနဲ့ လိုက်ပါကူညီသူတွေကိုလည်း ပစ်မှတ်ထားခြိမ်းခြောက်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့ သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်နေသူ ဘယ်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းနဲ့ တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားသလို အပြစ်ကျူးလွန်သူတွေရဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Blooming Padauk, Burmese Women’s Union, Gender Equality Network, Women’s League of Burma စတဲ့ အဖွဲ့တွေအပါဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့က ပြင်းထန်စွာ သတိပေးခဲ့ကြပါတယ်။

အကြမ်းဖက်မှု
အမျိုးသမီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013