Home
မြန်မာသတင်း
ကျောင်းအုပ်၊ ပညာရေးမှူးများနှင့် နီးစပ်သူများသာ အားလပ်ရက်ရ
DVB
·
March 8, 2025

Non CDM ဆရာ၊ ဆရာမတွေထဲက ကျောင်းအုပ်၊ ပညာရေးမှူးတွေနဲ့နီးစပ်သူတွေပဲ အစောဆုံး အားလပ်ရက်ရသွားကြတယ်လို့ ပညာရေးအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အခုအခါ အခြေခံပညာအတန်းစာမေးပွဲတွေ ပြီးသွားပြီဖြစ်တာကြောင့် စာစစ်လုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ ဆရာ၊ ဆရာမတချို့ကိုရွေးချယ်ထားပြီး စာစစ်လုပ်ငန်းပြီးဆုံးရင် မွမ်းမံသင်တန်းတွေ ဆက်တက်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျောင်းအုပ်တွေ၊ ပညာရေးမှူးတွေနဲ့နီးစပ်သူတွေကတော့ စာစစ်လုပ်ငန်း၊ မွမ်းမံသင်တန်းတွေမတက်ရဘဲ နေရပ်ကို အစောဆုံးပြန်ခွင့်ရနေကြတဲ့အပေါ် Non CDM အသိုင်းအဝိုင်းကြား ဝေဖန်နေကြပါတယ်။

အင်းစိန် အထက ၁ က ဆရာမတယောက်က “တချို့ဆရာမတွေဆိုရင် စာမေးပွဲတောင်မပြီးသေးဘူး ပြန်ခွင့်ရကြတယ်။ ဘာသင်တန်းမှလည်းမပါဘူး။ ကျမတို့ကတော့ မတ်လတလလုံး စာစစ်၊ သင်တန်းတွေဆက်တိုက်လုပ်ရမှာ။ အခုအသံကြားနေရတာက နွေရာသီမှာ ကျောင်းဖွင့်ပြီး သင်ခန်းစာတွေပြန်နွှေးပေးရမယ်ဆိုတာမျိုးပေါ့။ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ နားခွင့်ရတဲ့သူတွေရ၊ မရတဲ့သူတွေက မရနဲ့ မျှတမှုမရှိဘူး” ပြောပါတယ်။

အခုလထဲမှာ ၁၂ တန်း(တက္ကသိုလ်ဝင်)စာမေးပွဲကျင်းပမှာဖြစ်ပြီး အဲဒီ စာမေးပွဲလုပ်ငန်းစဉ်မှာ မပါတဲ့ ဆရာ၊ ဆရာမတွေဟာ မွမ်းမံသင်တန်းတွေတက်ရမှာဖြစ်တာကြောင့် လက်ရှိ တာဝန်ကျရာ ကျောင်းကနေ တခြားဒေသကိုမသွားဖို့နဲ့ တာဝန်ပေးအပ်လာရင် ချက်ချင်း တာဝန်ထမ်းဆောင်ဖို့လည်း ညွှန်ကြားထားတယ်လို့သိရပါတယ်။

အဲဒီလိုညွှန်ကြားထားပေမယ့် တချို့ဆရာ၊ ဆရာမတွေကတော့ နေရပ်ပြန်ခွင့်ရနေကြပြီး တချို့ဟာ နွေရာသီအားလပ်ရက် ရနေကြပြီလို့ Non CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။

မရမ်းကုန်း အထက ၁ က ဆရာမတယောက်က “ကျောင်းအုပ်နဲ့ ပနံသင့်တဲ့သူတွေဆိုရင် အခုဖြေနေတဲ့ နှစ်ဆုံးစာမေးပွဲမတိုင်ခင်ကဘဲ ပြန်သွားကြပြီ။ ဒါက အရင်ကတည်းက ဖြစ်တယ်ဆိုပေမယ့် အခု ပိုဆိုးလာတယ်။ လုပ်တဲ့သူကဆက်တိုက် အလုပ်လုပ်ပေးနေရတယ်။ စာမေးပွဲ၊ စာစစ်၊ သင်တန်းတက်ရနဲ့ နားရက်ကိုမရှိဘူး။ သင်္ကြန်တွင်းလောက်ပဲနားရတာ” လို့ လည်းပြောပါသေးတယ်။

အခုအခါ အခြေခံပညာအတန်းတွေရဲ့ စာမေးပွဲတွေပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေဟာ စာစစ်လုပ်ငန်းတွေကိုဆက်လုပ်ရမှာဖြစ်ပြီး မွမ်းမံသင်တန်းတွေကို အခုလ ၂၄ ရက်နေ့မှာ စတင်တက်ရောက်ရမှာဖြစ်ပါတယ်။

၁၂ တန်းသင် ဆရာ ဆရာမတွေကတော့ မတ် ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိကျင်းပမယ့် စာမေးပွဲအတွက်ပြင်ဆင်ကြရမှာဖြစ်ပြီး စာမေးပွဲပြီးဆုံးရင် မွမ်းမံသင်တန်းတွေ ဆက်တက်ရမှာဖြစ်သလို စာမေးပွဲလုပ်ငန်းစဉ်မှာပါဝင်သူတွေဟာ အဖြေလွှာတွေစစ်ရဦးမှာ ဖြစ်ပါတယ်။

ကျောင်းအုပ်
အားလပ်ရက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013