Home
မြန်မာသတင်း
“နေချင်စိတ်ကိုမရှိတာ အခုလိုခေတ်မျိုး တခါမှတောင်မကြုံဖူးဘူး”  အိမ်ထောင်ရှင်မ ၁ ဦး 
DVB
·
March 1, 2025

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလ ၄ နှစ်ကျော်ကြာလာတာနဲ့ အမျှ အခြေခံ ပြည်သူလူထု တွေရဲ့  လူမှုဘဝအ‌ထွေထွေ အကျပ်အတည်းတွေလည်း အဆိုးရွားဆုံးအခြေအနေ ရောက်နေပြီး  အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့  စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကလည်း ပိုဆိုးလာနေ ပါတယ်။

“နေချင်စိတ်ကို မရှိတာ အခုလိုခေတ်မျိုး တခါမှတောင်မကြုံဖူးဘူး” လို့ အိမ်ထောင်ရှင်မ တ ယောက်က အာဏာသိမ်း ၄ နှစ်ကျော်ကာမှာ အမျိုးသမီးတွေ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပေါ်  ရင်ဖွင့်သွားပါတယ်။

ပျောက်ဆုံးလာနေတဲ့ အခြေခံလူ့အခွင့်အရေးတွေနဲ့အတူ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အခွင့်အရေး ရရှိနိုင်မှုကလည်း မရှိသလောက်နည်းလာပါတယ်။ အာဏာသိမ်း ၄ နှစ်ကျော်လာချိန်မှာ စီးပွားရေးအခြေအနေအရ အလုပ်လက်မဲ့ ဖြစ်ကာ  စိတ်ရောကိုယ်ပါ ကျလာတယ်လို့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တယောက်က ဖွင့်ဟပါတယ်။

“ဒီ ၄ နှစ်တာကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ရယူခွင့်တွေ အကုန်လုံးဆုံးရှုံးကုန်တာလေ၊ စိတ်ပိုင်းဆိုင်ရာတွေ ရုပ်ပိုင်းဆိုင်ရာတွေ အများကြီး ကျသွားတယ်။ နိုင်ငံရေး ဖြစ်တဲ့ နောက်ပိုင်းမှာဆို  ညဘက်တွေ အိပ်မပျော်လို့ အိပ်ဆေးတွေ သောက်အိပ်ရတယ်။ အိပ်ဆေးမှ မသောက်ရင် အိပ်မပျော်တော့ဘူး။  ဘာဖြစ်လဲဆိုတော့ ရင်ဆိုင်ရတာတွေက အများကြီးလေ၊ နည်းနည်းလေးမှ မဟုတ်တာ။ ဒီ ၄ နှစ်တာကာလမှာ၊ စီးပွားရေး၊ လူမှုရေး အစစအရာရာနေရ ထိုင်ရတာ လွတ်လပ်မှုတွေ မရှိဘူး။ သွားရလာရတာလည်း လွတ်လပ်မှုမရှိဘူး စီးပွားရေး အကျပ်အတည်းတွေ အဆင်မပြေမှုအတွက် ပူပန်သောကတွေ ကျန်းမာရေးမကောင်းတဲ့ ပူပန်သောကတွေ အစစအရာရာတွေနဲ့ ပတ်သက်ပြီးတော့ ရုပ်ပိုင်းရော စိတ်ပိုင်းရော အများကြီးကို ကျသွားတယ်။”

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျူ- ISP Myanmar က အမျိုးသမီး အယောက် ၅၀၀ ကျော်ကို စစ်တမ်းကောက်ယူရမှာ ၈၈ ရာခိုင်နှုန်းသောအမျိုးသမီးတွေက အလုပ်ရှာ မလွယ်ကူကြောင်းပြောဆိုထားပြီး ၇၀ ရာခိုင်နှုန်းကတော့ ပြည်ပထွက် အလုပ် လုပ်ကိုင်ဖို့ မရှိကြောင်း ဖြေဆိုထားပါတယ်။

အိမ်ထောင်ရှင်မတယောက်က “အခုအချိန်မှာ ကုန်ဈေးနှုန်းက အရမ်းတက်နေတော့ ဝင်တာက တစ်သောင်းဆိုရင် ကုန်တာက နှစ်သောင်းဖြစ်နေတယ်။ မိသားစုက ကလေးက ၃ ယောက်ဆိုတော့ စားဝတ်နေရေးက ချွေတာပြီး စားနေရတာပေါ့။ ညီမအမျိုးသားဆို ဒလီပို့တာ တနေ့ကို တစ်သောင်းခွဲ နှစ်သောင်းလောက် ပုံမှန်ရတယ်။ အိမ်လခနဲ့အခုဖြစ်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ဆိုရင် အခု ဆီ ၁၀ သားကို ကျပ် ၁၅၀၀ ဖြစ်နေတဲ့ခေတ်မှာ ဘယ်လို အဆင်မပြေဘူး။ ကလေး ၃ ယောက်နဲ့ ဘယ်လို အလုပ်လုပ်နိုင်မလဲ။ အဲဒီတော့ ပိုပြီး စိတ်ဆင်းရဲသောက ရောက်ရတာပေါ့။ ကိုယ့်တမိသားစုလုံး အဆုံးစီရင်ချင်စိတ်တွေလည်းပေါက်တယ်။ နေချင်စိတ်ကို မရှိတာ ကြုံတွေ့နေရတဲ့ အခုလိုခေတ်မှာ တခါမှတောင်မကြုံဖူးဘူး အသက် ၃၀ ကျော်ပြီ”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်က ကုန်ဈေးနှုန်းတွေရဲ့ ၃ ဆထိမြင့်တက်လာပြီး အထွေထွေကုန်ကျစရိတ်တွေကလည်း ၃ ဆထိတိုးလာခဲ့တဲ့အတွက် ဝင်ငွေ ထွက်ငွေမမျှတဲ့ အမျိုးသမီးတွေက လူ ၅၀၀ ကျော်မှာ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ ISP က ဖော်ပြထားပါတယ်။

အထွေထွေအကျပ်အတည်းတွေကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့မနေသင့်ကြောင်းကို  Triangle Women Organizations ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက  အကြံပြုပါတယ်။

“အထူးသဖြင့်တော့ ကျမတို့ အမျိုးသမီးတွေက မိခင်တွေ၊ သမီးတွေ၊ ညီမတွေ မိသားစုထဲမှာ  သူတို့ကိုယ်သူတို့ နောက်ဆုံးမှ စဉ်းစားကြတာပေါ့။ သူတို့ဖခင်တွေ၊ သူတို့မောင်တွေ၊ မိသားစုတွေနဲ့ အမျိုးသားတွေ အတွက်ပဲ စဉ်းစားကြတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်  ဂရုစိုက်ဖို့က အရမ်းလိုပါတယ်။ ဒီချိန်မှာ ကျမတို့ အများကြီး မလုပ်နိုင်ရင်တောင်မှ Self care  လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုတော့ လုပ်ဖို့လိုတယ်။ အဲဒီလို လုပ်တဲ့အခါလည်း ငွေကုန် ကြေးကျခံပြီးလုပ်မှ မဟုတ်ပါဘူး၊ ဝါသနာပါရာ သီချင်းနားထောင်တာပဲဖြစ်ဖြစ် စိတ်အပန်းဖြေ တာပဲ ဖြစ်ဖြစ်ဒါမျိုးလေး လုပ်ရင်းနဲ့ပေါ့။ ကျမတို့မိခင်တွေ အထူးသဖြင့် မိခင်တွေဟာတော်တော် လေးကို စိတ်ပင်ပန်းမှုတွေ စိတ်မလုံခြုံမှုတွေကလည်း ရှိနေတဲ့အတွက်ကြောင့် ဒါမျိုးတွေကို တနည်းနည်းနဲ့ ဖောက်ထုတ်ဖို့လိုတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေရင်ဖွင့်လို့ရတဲ့ စိတ်ချရတဲ့သူတွေကိုလည်း ရင်ဖွင့်ဆွေးနွေးပြီး တော့ ဆွေးနွေးဖို့လိုတယ်လို့မြင်ပါတယ်။”

အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ လက်ရှိအခြေအနေအရ အလုပ်ထွက်လုပ်ခွင့်တွေ မရတာ၊ လက်တွဲဖော်ရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးတာနဲ့ အခြေခံလူမှု ဘဝအကျပ်အတည်းတွေကြောင့် ဖြစ်သလို တဖက်မှာလည်း အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရတာ လုပ်ငန်းခွင် အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေလည်း ရှိနေတာကြောင့် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေက တိုးလာတာလို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဝေဝေ

အိမ်ထောင်ရှင်မ
အကျပ်အတည်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013