Home
မြန်မာသတင်း
ရိတ်သိမ်းချိန် ဂျုံဈေးကောင်းမရသဖြင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ
DVB
·
February 27, 2025

ဆောင်းသီနှံကို အားထားစိုက်ပျိုးကြတဲ့ တောင်သူတွေ ရိတ်သိမ်းချိန်မှာ ဂျုံဈေးမရတာကြောင့် အကျိုးအမြတ်မရှိ ဖြစ်နေကြတယ်လို့ ဂျုံစိုက်တောင်သူတွေက ပြောပါတယ်။ 

၂၀၂၅ ဆောင်းနှောင်းရာသီကာလဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယဒေသက တောင်သူတွေအတွက် ဂျုံရိတ်သိမ်းချိန်ဖြစ်ပြီး ဂျုံဈေးနည်းပါးလို့ တောင်သူတွေ အကျိုးအမြတ် နည်းပါးခဲ့တယ်လို့ ဂျုံစိုက်တောင်သူတွေက ပြောပါတယ်။

ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာမှ ဂျုံစိုက်သူတောင်သူ ဦးထွန်းထွန်းက “ဂျုံဈေးက မျှော်လင့်သလို ဖြစ်မလာဘူး။ ဂျုံဈေးက ၄၀၀၀ လောက်ရမှ အဆင်ပြေမှာ။ ဂျုံဈေးက ၂၅၀၀၊ ၃၀၀၀ ဆိုတော့ သိပ်အဆင်မပြေဘူး။ တောင်သူအနေနဲ့ကတော့ စိုက်ပျိုးသီးနှံကို တိုးမြှင့်ပြီးတော့ ဝယ်ပေးစေချင်တယ်။ တောင်သူတွေအနေနဲ့လည်း စားသုံးသီးနှံတွေနည်းနည်းရှားပါးတယ်။ အခုဆို အီကြာကွေးတချောင်းဆိုရင် ၁၀၀၀၊ ကျနော်တို့စိုက်ထားတဲ့ တောင်သူတွေအနေနဲ့က ဂျုံတပိဿာမှ ၂၅၀၀၊ အမြင့်ဆုံးဈေးမှ ၃၀၀၀ ဆိုတော့ နည်းနည်းတော့အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။

တောင်သူတွေက ဂျုံစိုက်ပျိုးထုတ်လုပ်စရိတ်နဲ့ တွက်ချက်ပြီး ဂျုံတပိဿာ ပေါက်ဈေးကို ကျပ် ၄၀၀၀ ရဖို့ မျှော်မှန်းခဲ့ပေမဲ့ ပေါ်စအချိန်မှာ ကျပ် ၂၃၀၀ ကနေ အခုလို လှိုင်လှိုင်ပေါ်တဲ့အချိန်မှာတောင် ကျပ် ၂၉၂၀၊ ကျပ် ၃၀၀၀ လောက်သာ ဈေးရခဲ့လို အကျိုးအမြတ်မရှိဘဲ ဖြစ်ခဲ့တာပါ။

ဂျုံအထွက်ကောင်းအောင် စေ့စေ့စပ်စပ်လုပ်ကိုင်ပေမဲ့ ဂျုံဈေးနည်းပါးတဲ့အပြင် လာမယ့်နှစ်မှာ စိုက်ပျိုးဖို့အတွက် အရည်အသွေး ဗီဇကျဆင်းနေတဲ့ ရေဆင်း ၉ ဂျုံမျိုးကို မျိုးသန့်လဲဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သရက်ကုန်း တောင်သူ ဦးစန်းဝင်းက ပြောပါတယ်။

“ကျနော်တို့အမြင်က ရသင့်ရထိုက်တဲ့ဈေးနဲ့ နည်းနေတယ်။ အခုငွေကြေးနဲ့ကြည့်မယ်ဆိုရင် တန်ကြေးက တော်တော်လေးနည်းနေတဲ့သဘောကို တွေ့ရတယ်။ တပိဿာကို ၃၀၀၀ နှုန်းက ပြီးခဲ့တဲ့နှစ်ကလည်းရတယ်။ ဒီနှစ်မှာလည်း ဒီ ၃၀၀၀ နားတင်လည်နေတယ်ဆိုတော့ နည်းနည်း ပိုရသင့်တယ်လို့ပဲ ထင်တယ်ဗျ။ ကျနော်တို့ မျိုးတွေ၊ မြေဩဇာ၊ နွားချေးတွေက ဈေးကြီးလာတယ်။ ကျနော်တို့ ပြန်ရင်းရမယ့် အပိုင်းကတော်တော်များလာပြီ။ အကျိုးအမြတ်က ဘယ်လိုလာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး။ ဈေးကွက်တွေကို မသိတာ။ ဒီအတိုင်းနည်းနေမယ်ဆိုရင် အကျိုးအမြတ်တော့နည်းသွားမှာတော့ သေချာတယ်။”

ရှမ်းပြည်တောင်ပိုင်းဟာ ဂျုံစိုက်ပျိုးလေ့ရှိတဲ့ ဒေသဖြစ်ပေမဲ့ ဂျုံဈေးတွေ အဆမတန်ကျဆင်းခဲ့လို့ ဂျုံစိုက်ပျိုးမှုရပ်နားထားရာကနေ ပြီးခဲ့တဲ့ ၃ နှစ်ကစပြီး အခြားကုန်ဈေးနှုန်းတွေတက်လာသလို ဂျုံဈေးလည်း လိုက်တက်လာလို့ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပါတယ်။ 

ဂျုံအထွက်နှုန်းနဲ့ စိုက်ပျိုးစရိတ်က တဧကကို ၃ လအတွင်း ကျပ် ၁၀ သိန်းရင်းရင် ကျပ် ၂ သိန်းကျော်၊ ၃ သိန်းလောက်သာပြန်ရကြတာကြောင့် ခမောက်ချုပ်ရင်း ဝမ်းစာဖြည့်ကာ ဂျုံကိုစိုက်ပျိုးကြတာဖြစ်ပါတယ်။ 

အခုရာသီမှာတော့ တခြားကုန်ပစ္စည်းတွေသာ ဈေးပုံမှန်တက်လာပေမဲ့ ဂျုံဈေးမရလာတဲ့အတွက် စားဝတ်နေရေးအပြင် လာမယ့်နှစ်မှာလည်း ဂျုံဆက်လက်စိုက်ပျိုးဖို့ ခက်ခဲလာကြပါတယ်။

ဟန်န

ဆောင်းသီးနှံ
တောင်သူလယ်သမား
ဂျုံဈေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013