Home
မြန်မာသတင်း
မြို့နယ် ၁၁၀ တွင်သာ ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင် 
DVB
·
February 25, 2025

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ၃ ပုံ ၁ ပုံဖြစ်တဲ့ မြို့နယ် ၁၁၀ မှာသာ ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့  ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားကြဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားတယ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရပြီး သူတို့တွေရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုဟာ နိုင်ငံရဲ့ ထက်ဝက်နီးပါးမှာသာ လည်ပတ်နိုင်ပေမဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆန္ဒနယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်တာပါ။

ရွေးကောက်ပွဲကျင်းပမယ့် အချိန်အတိအကျကို မပြောသေးပေမဲ့ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ အဲဒီမဲန္ဒနယ်တွေမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားကြဖို့ ပြောဆိုလိုက်တာလို့ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

“မြို့နယ်ပေါင်း ၁၁၀ ပဲ ပြင်ဆင်ခိုင်းထားပါတယ်။ ၃၃၀ ရှိတဲ့အထဲမှာလေ။ ကျန်တာတော့ ငြိမ်းချမ်းအောင်တော့ လုပ်နေတာပေါ့နော်။ ငြိမ်းချမ်းပြီဆိုရင် ပထမကြားဖြတ်တခါ။ နောက် ငြိမ်းချမ်းတဲ့နေရာတွေရှိရင် ဒုတိကြားဖြတ် အဲလိုဆက်သွားမယ်လို့ ပြောတာပါ။ မြို့နယ်ပေါင်း ၁၁၀ ကို ကော်မရှင်ကနေ လုပ်ခိုင်းထားတဲ့အတွက် ကျနော်တို့လည်း အားလုံး လုပ်ထားပါတယ်ခင်ဗျ။ ကိုယ့်ဘာသာ ပြင်တာပြင်နေရတာ စည်းရုံးရေးတော့ ဆင်းလို့ မရသေးပါဘူး။”

ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ တိုင်းဒေသကြီးက မဲဆန္ဒနယ်တွေနဲ့ ပြည်နယ်တချို့က မဲဆန္ဒနယ်တွေ ပါတယ်လို့ ဦးကျော်စွာစိုးက ပြောပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။

ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၄ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမှာဖြစ်ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လက်ရှိမှာ ပြည်နယ်အဆင့် ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် ပါတီရုံးခန်း ဖွင့်လှစ်နိုင်ခြင်း မရှိသေးသလို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အတွက်လည်း အဆင်သင့်မဖြစ်သေးဘူးလို့ တိုင်းရင်းသားပါတီတချို့က DVB ကို ပြောပါတယ်။

စစ်ခေါင်းဆောင်က ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားပေမဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ နိုင်ငံတည်ငြိမ်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာလို့ ပြောဆိုလိုက်တာကြောင့် စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ သုံးသပ်မှုတွေ ထွက်လာခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ လက်ရှိအကျပ်အတည်းတွေကို ကျော်လွှားပြီး အရပ်သားအစိုးရ ပေါ်လာဖို့အတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

“တိုင်းပြည် တည်ငြိမ်မှ ရွေးကောက်ပွဲလုပ်လို့ ရတယ်ဆိုတာ မူအရ မှန်တယ်လေ။ သူပုန်သူကန် ရှိနေတာနဲ့ ရွေးကောက်ပွဲလုပ်လို့ မရဘူးဆိုရင် ဘယ်တော့မှ ရွေးကောက်ပွဲလုပ်လို့ရမှာ မဟုတ်ဘူး။ ချင်းမှာဆိုရင် တပြည်နယ်လုံး မငြိမ်းချမ်းဘူးဆိုရင် ချင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ခက်တယ်။ ဆိုလိုတာ အဲဒါပဲ။ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ရွေးကောက်ပွဲမြန်မြန်လုပ်ရင် စစ်တပ်ရဲ့ အာဏာ မြန်မြန်ပျက်သွားမယ်။ ဒါပဲ။”

စစ်ကောင်စီက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာလလယ်ပိုင်းအထိ ကောက်ယူခဲ့တဲ့ မအောင်မြင်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းပါ အချက်အလက်တွေကို အခြေခံမယ်လို့ ပြောဆိုပါတယ်။

အဲဒီ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ ထဲက မြို့နယ် ၁၄၅ မြို့နယ်မှာသာ ကောက်ယူနိုင်ခဲ့ပြီး တပိုင်းတစ ကောက်ယူနိုင်ခဲ့တဲ့မြို့နယ် ၁၂၇ မြို့နယ်နဲ့ လုံးဝ ကောက်ယူလို့မရတဲ့ မြို့နယ် ၅၈ မြို့နယ် ရှိပါတယ်။

အောင်သူ

ရွေးကောက်ပွဲ
စစ်ကောင်စီ
မြို့နယ် ၁၁၀

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013