Home
မြန်မာသတင်း
မြန်မာနောင်း သတင်းထောက် အပါအဝင် နိုင်ကျဉ်း ၃ ဦး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံနေရ
DVB
·
February 23, 2025

ထောင်နှစ်ရှည်ချမှတ်ခံထားရတဲ့ မြန်မာနောင်းသတင်းဌာနက ဓာတ်ပုံသတင်းထောက် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင်းမှာ ထောင် အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က အင်းစိန်အကျဉ်းထောင်တွင်းကိုလာချိန်မှာ ထောင်တွင်းအခြေအနေတွေကို ထုတ်ဖော် ပြောဆိုလိုက်တဲ့အတွက် အခုလို ညှဉ်းပန်းနှိပ်စက်ခံရတာလို့ ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်လာပြီး နောက်တရက်မှာပဲ နှစ်ရှည်အကျဉ်းသား မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်၊ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နဲ့ ကျောင်းသားအဖွဲ့က ကိုနိုင်ဝင်းတို့ကို  နိုင်ငံရေးနဲ့ ပတ်သက်တဲ့စကားတွေပြောတဲ့ ဆိုတဲ့ စွဲချက်နဲ့ ထောင်တွင်း စစ်ကြောရေးကို ပို့ဆောင်ခဲ့တာလို့ အကျဉ်းထောင်သတင်းရင်းမြစ်က တယောက်က  ပြောပါတယ်။

‘’ထောင်စစ်ကြောရေးကို ခေါ်သွားပြီး နောက်ရက်မှာ သူတို့ကို ပြစ်ဒဏ်တိုက်ကို ပို့တယ်။ ထိုးနှက်ရိုက်နှက်တယ်။ အခင်းမရှိဘဲ သမံသလင်းကြမ်းပြင်မှာ အိပ်ခိုင်းတယ်။ အညစ်အကြေးတွေ နေ့တိုင်း သယ်ခိုင်းတယ်။ အခုသူတို့နေရာ သူတို့ အကုန်ပြန်ရောက်ပြီလား မသိဘူး။”

နေ့စဉ်နီးပါး ရိုက်နှက်ခံရမှုတွေကြောင့် ကိုနိုင်ဝင်းဟာ  စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့   စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်နဲ့ ညှဉ်းပန်းနှိပ်စပ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းဖို့ DVB က ကြိုးစားနေပါတယ်။

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ထောင် ၈ နှစ် ချမှတ်ထားပါတယ်။

မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်း ဖြစ်ရာဒေသမှာ သွားရောက်သတင်းဓာတ်ပုံရိုက်ကူးချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေတွေနဲ့ စွပ်စွဲကာ စစ်ခုံရုံးကနေ ထောင် အနှစ် ၂၀ အထိ ချမှတ်ထားပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ  စစ်အာဏာသိမ်းပြီးနောက် သတင်းရယူရင်း ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမားတွေထဲမှာ အမြင့်ဆုံး ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်တယ်လို့ ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားတွေရဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး DVB က စုဆောင်းထားတဲ့ စာရင်းအရ အသိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သတင်းသမားပေါင်း အယောက် ၁၇၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး DVB အပါအဝင် သတင်းဌာန ၁၄ ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတဝန်းရှိ  အကျဥ်းထောင်အသီးသီးမှာ သတင်းသမား အယောက် ၅၀ ကျော်ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဓာတ်ပုံဆရာ ၂ ယောက်နဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ သတင်းထောက် ၂ ယောက်ရှိတာကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်တပ်ကြောင့် သေဆုံးသွားရတဲ့ သတင်းထောက် ၄ အထိရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ကျဆင်းနေတာ ဖြစ်ပြီး ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့  ၂၀၂၃ ခုနှစ် မေလထုတ် သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာရှိနေပြီး သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

သတင်းထောက်
အကျဉ်းထောင်
နိုင်ငံရေးအကျဉ်းသား
ညှဉ်းပန်းနှိပ်စက်မှု
မြန်မာနောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013