Home
မြန်မာသတင်း
အထက်တန်းအဆင့် ကျောင်းသားများ၏ ပုံနှိပ်စာအုပ်များအား ပြန်သိမ်းမည်
DVB
·
February 22, 2025

အခြေခံပညာ အထက်တန်းအဆင့်တွေဖြစ်တဲ့ Grade-10, Grade-11, Grade-12 ကျောင်းသား ကျောင်းသူတွေရဲ့ ပုံနှိပ်စာအုပ်တွေကို ပြန်သိမ်းဖို့ စစ်ကောင်စီ ပညာရေးဌာနက ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးက သိရပါတယ်။

အခုပညာသင်နှစ်မှာ ကျောင်းတက်ရောက်ခဲ့တဲ့ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေရဲ့ ပုံနှိပ်စာအုပ်တွေကို ပြန်သိမ်းပြီး လာမယ့်ပညာသင်နှစ်မှာ အထက်တန်းအဆင့်တွေကို လက်ဆင့်ကမ်း ပြန်လည်မျှဝေမှာဖြစ်တာကြောင့် စာမေးပွဲတွေ ဖြေဆိုပြီးတာနဲ့ စာအုပ်တွေကို သိမ်းယူသွားမယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတယောက်က ပြောပါတယ်။

“နှစ်စဉ် ပုံနှိပ်ရတဲ့ ကုန်ကျစရိတ်က သန်းနဲ့ချီပြီးရှိတော့ အဲဒီဘတ်ဂျက်ကို လျှော့ချဖို့ ဒီလိုဆောင်ရွက်တာလို့ သိရပါတယ်။ ၁၂ တန်းက ကျတဲ့သူတွေက နောက်ပညာသင်နှစ်မှာ ကျောင်းတက်လို့ရတဲ့သူ ဆိုရင်တော့ အလကားပြန်ရမှာပေါ့။”

Grade-10 နဲ့ Grade-11 က ကျောင်းသား ကျောင်းသူ‌တွေရဲ့ ပုံနှိပ်တွေကို နှစ်ဆုံးစာမေးပွဲပြီးချိန် မတ်လ ၅ ရက်နေ့မှာ သိမ်းဆည်းမှာဖြစ်ပြီး Grade-12 ကျောင်းသား ကျောင်းသူတွေရဲ့ ပုံနှိပ်တွေကို မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား သိမ်းဆည်းကာ စာရင်းပြုစုထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီလို ကျောင်းသုံးပုံနှိပ်စာအုပ်တွေကို ပြန်လည်လက်ဆင့်ကမ်းဖို့ ပြုလုပ်တာဟာ အာဏာမသိမ်းခင်ကတည်းက ဖြစ်ပြီး အခုမှသာ စာနဲ့အမိန့်ထုတ်ပြီး ညွှန်ကြားနေရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိက ပြောပါတယ်။

စစ်ကောင်စီပညာရေးဌာနက အထက်တန်း ကျောင်းသား ကျောင်းသူတွေရဲ့ ပုံနှိပ်တွေကို လက်ဆင့်ကမ်းဖို့ ပြန်လည်သိမ်းဆည်းပေမဲ့ ပညာသင်နှစ်ကုန်တဲ့အထိ ပုံနှိပ်စာအုပ် အစုံအလင် မရရှိသေးသူတွေ ရှိနေသေးတယ်လို့ ကျောင်းသား ကျောင်းသူတွေထံက သိရပါတယ်။

ပြန်သိမ်း
ပုံနှိပ်စာအုပ်
အထက်တန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013