Home
မြန်မာသတင်း
ဓနုဖြူတွင် လူငယ် ၁ ဦးကို ဖမ်းပြီး အစားထိုးစစ်မှုထမ်းအဖြစ် ငွေသိန်း ၆၀ ဖြင့် ရောင်းစား
DVB
·
February 19, 2025

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လူငယ် ကိုမင်းမင်း ဆိုသူကို ဖမ်းဆီးပြီး တခြားကျေးရွာအတွက် စစ်ကောင်စီတပ်ဆီ လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ် သိန်း ၆၀ နဲ့ ရောင်းစားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အုန်းပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး အုန်းခိုင်က ဖေဖော်ဝါရီ ၁၇ ရက်က ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် ရေတွင်းကုန်းကျေးရွာက ဒေသခံလူငယ် ကိုမင်းမင်းကို စစ်မှုထမ်းရမယ် ဆိုပြီး နေအိမ်မှာ သွားရောက်ခေါ်ဆောင်ပြီးနောက် ဓနုဖြူ ခြေမြန်တပ်ရင်း ၁၀၈ ကို ပို့ဆောင်ခဲ့ပြီး လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ်သိန်း ၆၀ နဲ့ အစားထိုး ရောင်းစားခဲ့တာလို့ ဆိုပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “ကိုမင်းမင်းကို အုပ်ချုပ်ရေးမှူးက အလမျိုးကျေးရွာအတွက် လူစားထိုး စစ်မှုထမ်းအဖြစ် ရောင်းစားတာပါ။ တပ်ထဲမှာက ကျေးရွာအုပ်စုနာမည်နဲ့ လူနာမည် တွဲခေါ်တာ။ လူစားထိုး ရောင်းစားခံရတဲ့ မင်းမင်းက သူ့နာမည်ကို ရေတွင်းကုန်း မခေါ်ဘဲ အလမျိုးကျေးရွာအုပ်စုလို့ ခေါ်တာကြောင့် မေးကြည့်တော့မှ သိရတာ။ စစ်ကောင်စီတပ်သားတွေ ငွေသိန်း ၆၀ နဲ့ တပ်ကို အုန်းခိုင်က ရောင်းစားတာကို ပြောပြလို့ သိရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အုန်းခိုင်ဟာ သူ့လက်အောက် ကျေးရွာစာရေးနဲ့ ပေါင်းကာ အုန်းပင်ကွင်း ကျေးရွာအုပ်စုရှိ အရပ်သားတွေကို ညတိုင်း ကင်းစောင့်ခိုင်းတာ၊ ကင်းမစောင့်ဘဲ တိမ်းရှောင်သူတွေကို ဒဏ်ငွေရိုက်တာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကင်းမစောင့်ရင် စစ်တပ်ခေါ် ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ငွေတောင်းတယ်။ ဧည့်စာရင်းကလည်း ညတိုင်းနီးပါး စစ်တာ။ ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၉ ကဆို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာ။ တပ်နဲ့ အုန်းခိုင်တို့ ပေါင်းလုပ်တာ” လို့ ပြောပါတယ်။

အဲဒီ အုန်းပင်ကွင်းကျေးရွာအုပ်စုထဲမှာ အလယ်ကိုင်း၊ ရိုးကြီး၊ ကဇန်းချောင်း၊ ဝါးတန်း၊ ရေတွင်းကုန်း၊ ရေလဲကြီး၊ တမြာ စတဲ့ကျေးရွာတွေရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အုန်းခိုင်က စစ်မှုထမ်း ထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ကာ အပတ်စဉ်တိုင်း တအိမ် ၂၀,၀၀၀ ကျပ်အထိ ကောက်ယူနေတာလို့ ဆိုပါတယ်။

လူကုန်ကူးမှု
ဓနုဖြူ
လူငယ်
စစ်မှုထမ်းအစားထိုး
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013