Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲသည့်အပြင် မတရားဖမ်းဆီး ငွေညှစ်တောင်းနေ
DVB
·
February 18, 2025

ရန်ကုန်မှာ စစ်မှုထမ်းဖို့  ပြည်သူတွေဟာ အတင်းအကျပ် စေခိုင်းခံနေရတဲ့အပြင် မသမာတဲ့သူတွေရဲ့ မတရားဖမ်းဆီးခံရပြီး ငွေညှစ်တောင်းခံနေရတာတွေလည်း ဖြစ်ပွားနေပါတယ်။

ရန်ကုန်က ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ အတင်းအကျပ် စေခိုင်းတာကို ခံနေရတဲ့အပြင် မသမာတဲ့သူတွေရဲ့ ဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တောင်းတာတွေကိုပါ ခံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှာ  လူလတ်ပိုင်းအရွယ် ၃ ယောက်ကို အတင်းအကျပ် ကားပေါ်တင်ခေါ်သွားပြီး နှိပ်စက်ကာ ငွေညှစ်တောင်းတာ ခံခဲ့ရကြောင်း နီးစပ်သူတယောက်က ပြန်ပြောပြပါတယ်။

“တနေ့က စော်ဘွားကြီးကုန်းမှတ်တိုင်မှာ အဲဒီသုံးယောက်က ပစ္စည်းဝယ်ဖို့ သွားကြတာ။ ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်းကို ဆွဲခေါ်သွားတာ အတင်းပဲ၊ ဓားတွေနဲ့ထောက်ပြီးတော့ ကားတစီးတည်း၊ ကားထဲလည်း ပြီးတော့ လက်ထိတ်တွေ တွေ့ရတယ်တဲ့ ဓားထောက်တဲ့သူတွေ၊ မင်္ဂလာဒုံလေယာဉ်ကွင်းနားက ဂိတ်ပေါက်တခုထဲ အဲဒီကားက ဝင်သွားတာ၊ အထဲရောက်တော့ ပိုက်ဆံ ၇ သိန်းတောင်းတာ မပေးနိုင်ဘူးပြောလို့ ရိုက်နှက်ထားတာ ပြောမနေနဲ့၊ အဲဒါ ညှိနှိုင်းလိုက်တာ ၅ သိန်းနဲ့ အဆင်ပြေသွားတယ်။ ပြီးတော့ ဂိတ်စောင့်ကလည်း တသိန်းတောင်းလို့ သူ့မိသားစုက ထပ်လွှဲပေးလိုက်ရသေးတယ်။”

လူမှုကွန်ရက်တွေပေါ်မှာလည်း ကလေးငယ်တွေ အပါအဝင် အသက်အရွယ်ကြီးသူတွေနဲ့ လူငယ်တွေ အများအပြား ပျောက်ဆုံးနေတဲ့ ပို့စ်တွေကို မြင်တွေ့နေရပြီး တချို့က အဆက်အသွယ်ပြတ်ပြီး ရက်အနည်းငယ်အကြာမှာ ပြန်လည်တွေ့ရှိကြောင်းလည်း ရေးသားထားကြပါတယ်။

ကာယကံရှင် မိသားစုဝင်တွေကတော့ လုံခြုံရေးအရ မီဒီယာတွေမှာ ဖြေဆိုဖို့ ငြင်းဆန်ပေမဲ့ ငွေပေးလို့ ပြန်လွှတ်ပေးတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာလည်း မြောက်ဥက္ကလာမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်ကို ဖမ်းဆီးသွားပြီး မိသားစုထံ ငွေတောင်းခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “ခင်ဗျားတို့သား နိုင်ငံရေးနဲ့ပတ်သက်တာတွေ ပါတယ်ပေါ့၊ ခင်ဗျားတို့ ပြန်ရွေးရမယ်၊ အဖမ်းခံရမယ်၊ အချုပ်ကျမယ် အဲဒီလိုတွေပြောတယ်။ အဲဒီလို မပါချင်ဘူးဆိုရင် သိန်း ၁၀၀ ပေးရမယ်၊ သိန်း ၁၅၀ ပေးရမယ်တွေ ပြောတယ်။ ပြောတော့ ညှိကြတယ်၊ တရားစွဲလိုက်တော့မယ်၊ အကြမ်းဖက်ဥပဒေတွေနဲ့ ဘာညာဆိုပြီး ပြောတယ်။ အဲဒါနဲ့ ချိန်းတော့ ဘယ်လဲဆိုတော့ အမှတ် ၃ လမ်းမကြီးနားကို ချိန်းတယ်။ အမှတ် ၃ လမ်းမကြီးကို သွားတော့ ပိုက်ဆံသိန်း ၁၀၀ ပေါ့ ပေးလိုက်ရတယ် ပြောတယ်။ လာယူတော့ ကယ်ရီသမားက လာယူတယ်။ ပြီးတော့မှ ခင်ဗျားတို့သား အမှတ် ၃ လမ်းမကြီး ဘယ်အကျော်လေးကို သွားရှာလိုက်ဆိုပြီး ဖုန်းဆက်လာတယ်။ သူတို့ပြောတဲ့နေရာနားမှာတော့ မရှိဘူး၊ အဲဒီအကျော် တော်တော်လေး လှမ်းတဲ့နေရာမှာ အဲဒီကလေးက လမ်းဘေးက အုတ်ခုံမှာ ထိုင်နေတာ တွေ့တယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရရင် လူစားထိုး စစ်မှုထမ်းစေခိုင်းဖို့ လူတယောက်ကို ဘယ်လောက်နှုန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဈေးညှိပြီး ကိုယ်စားစစ်မှုထမ်းစေခိုင်းတဲ့ ဈေးကွက်တွေလည်း ရှိနေပါသေးတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီး တနှစ်အကြာမှာ လူငယ်ပေါင်း ၂၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါဟာ တရားဝင်ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာတော့ အခုထက် ပိုများနိုင်ကြောင်း သိရပါတယ်။

ဝေဝေ

ရန်ကုန်
စစ်တပ်
စစ်မှုထမ်း
ပေါ်တာဆွဲ
ဖမ်းဆီးငွေညှစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013