Home
ရုပ်သံ
မီဒီယာရပ်တည်ရေး အခက်အခဲကြောင့် လူထုသတင်းမှန်သိရှိခွင့် ထိခိုက်နိုင်ဟု ဝါရင့် သတင်းသမားများ သုံးသပ်
DVB
·
February 18, 2025

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အရပ်ဘက်အဖွဲ့တွေကို ပေးတဲ့ ရန်ပုံငွေတွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ရပ်တည်ရေး ခက်ခဲလာတဲ့အတွက် လူထုရဲ့ သတင်းမှန်သိရှိပိုင်ခွင့်တွေ ထိခိုက်လာနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက သုံးသပ်ပါတယ်။

ဝါရင့်သတင်းစာဆရာ  ဦးမြင့်ကျော်က “သတင်းသမားအရေအတွက်တွေ လျှော့ချရမယ်၊ နောက် သတင်းသမားတွေက နေ့စဉ်ဖြစ်နေကျသတင်းမျိုး မဟုတ်ဘဲ အကြောင်းအရာတခုခုကို ပြည့်ပြည့်စုံစုံနဲ့ တင်ပြတဲ့ သတင်းဆောင်းပါးပေါ့၊ စုံစမ်းဖော်ထုတ်တာတို့ နောက် အတွင်းကျကျ တင်ပြတဲ့ In-depth စတိုရီတို့ အဲဒီလိုမျိုးတွေ ထုတ်နိုင်မယ့်အခွင့်အလမ်းက ပိုပြီး နည်းသွားလိမ့်မယ်လို့ ထင်တယ်။ ဆုံးဖြတ်ချက်တခုကို ချဖို့ဆိုရင် ခိုင်မာတဲ့ အချက်အလက်တွေ လိုတယ်။ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေရဖို့ အခွင့်အလမ်းလည်း ပိုနည်းသွားတာကြောင့် ဒီပရိသတ်တွေမှာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ပဋိပက္ခတွေရော စစ်ပွဲတွေရော တခြားသော စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေမှာပါ ပရိသတ်အနေနဲ့ သူတို့သိရှိပိုင်ခွင့် အရည်အသွေးပိုင်းက ကျိန်းသေပေါက် လျော့ကျလာဖို့ အလားအလာတွေ များတယ်ပေါ့” လို့ ပြောပါတယ်။

အပြိုင်အဆိုင် သတင်းမီဒီယာတွေ အများအပြား ရှိနေမယ်ဆိုရင် လူထုရဲ့ သတင်းတွေကို ရွေးချယ်ပြီး စိစစ်ဖတ်ရှုနိုင်မယ့် အခွင့်အရေးကလည်း ပိုများပြီး ရှုထောင့်ပေါင်းစုံကနေ တိုက်ဆိုင် စစ်ဆေးနိုင်ကာ အမှား အမှန်ကို ခွဲခြားသိရှိနိုင်မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း လွတ်လပ်တဲ့ သတင်းမီဒီယာကဏ္ဍ အားလျော့လာချိန်မှာ လူမှုကွန်ရက်ပေါ်က သတင်းတု သတင်းအမှားတွေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေ ပိုလုပ်လာနိုင်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထောက်ပြပါတယ်။

IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက “သတင်းမီဒီယာတွေက ဆိုရှယ်မီဒီယာတွေလိုမျိုး မဟုတ်ဘူးလေ။ သူတို့ရဲ့ သတင်းခန်းတည်ဆောက်မှု သတင်းခန်းမူဝါဒနဲ့ ထုတ်လုပ်နေတဲ့အခါကျတော့ စိုးရိမ်တာက သတင်းတင်ဆက်မှုတွေ လျော့သွားမယ်ဆိုရင် အများပြည်သူတွေက ဆိုရှယ်မီဒီယာတွေပေါ်က တဦးချင်းတင်တဲ့ တည်းဖြတ်မှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ သတင်းတွေကို ပိုပြီး ယုံစားသွားမှာကို စိုးရိမ်တယ်။ အများပြည်သူကို မှန်ကန်တဲ့ ခိုင်လုံတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တင်ဆက်နေတဲ့ အခန်းကဏ္ဍက အနည်းငယ်လျော့သွားမှာမျိုး ရှိတဲ့အခါကျတော့ သက်ရောက်မှုတွေ ရှိတယ်ပေါ့။ ကိုယ်တွေကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာအနေနဲ့ ကိုယ့်ရဲ့ Editorial policy နဲ့ သတင်းမီဒီယာတွေနဲ့ ရပ်တည်တယ်၊ ဝါဒဖြန့်တဲ့အလုပ် မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဝါဒါဖြန့်တယ်၊ မှန်တာတပိုင်း မမှန်တာတပိုင်းနဲ့ ရောပြွမ်းပြီးတော့ ထုတ်လုပ်ဝါဒဖြန့်နေတာကျတော့ ဒါကိုလည်း ချဲ့ထွင်ပြီးတော့ လုပ်လာနိုင်ကောင်း လုပ်လာနိုင်တယ်ပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သတင်းမီဒီယာတွေအနေနဲ့ ရုန်းကန်နေရဆဲဖြစ်ပေမဲ့ ဆက်လက်တောင့်ခံပြီး လူထုရဲ့ သတင်းရယူပိုင်ခွင့်တွေအတွက် ကြိုးစားပေးကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေ ပိတ်သိမ်းလိုက်တာထက် သတင်းတိုက်တွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့လည်း  ဝါရင့်သတင်းစာဆရာတွေက အကြံပြုပါတယ်။

၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို USAID အပါအဝင် အမေရိကန် ထောက်ပံ့ပေးမှုက ၂၃၄ သန်းရဲ့ ၁၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီအထဲ သတင်းမီဒီယာတွေ အပါအဝင် နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

ဝေဝေ

သတင်းထောက်
USAID
သတင်းမီဒီယာ
လူထုသတင်းမှန်သိရှိခွင့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013