Home
မြန်မာသတင်း
လူငယ်များကို ဖမ်းဆီးပြီး ကလေးမြို့ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းပေးနေ
DVB
·
February 17, 2025

စစ်ကိုင်းတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ကလေးမြို့ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ၃ လ သင်တန်းပေးပြီး  စစ်မြေပြင်ကို တိုက်ရိုက်လွှတ်နေတယ်လို့  ဒေသခံတော်လှန်ရေးအဖွဲ့တွေကနေ သိရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို စစ်ကောင်စီက အနောက်မြောက်တိုင်း စစ်ဌာနချုပ်(မုံရွာ) ကနေတဆင့် ကလေးမြို့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့ပြီး ၃ လကြာ စစ်သင်တန်းတွေ ပေးနေတာပါ။ 

DVB က စုစည်းထားတဲ့ လက်လှမ်းမီသလောက် စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ဒီဥပဒေနဲ့ ဖမ်းဆီးပြီး သင်တန်းပေးခံရသူ ၁၅၀၀ ကျော်အထိ ရှိနေပါတယ်။ 

ကလေးမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက် ဝန်းကျင်က စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ ၃၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ်တခုတည်းမှာ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၆၉ ယောက် ထက်မနည်းရှိလာတယ်လို့ ကလေးမြို့နယ် သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက ပြောပါတယ်။

“စစ်မှုထမ်းက တော်တော်လေးတော့ များတယ်ဗျ ဆွဲတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့လောက်က ၃၉ ယောက် အဆွဲခံလိုက်ရတယ်။ စာရင်းအတိအကျနဲ့ဆိုရင်  ၆၉ ယောက် ရှိတယ်။ ၆၉ ယောက်မှာ ၃၀ ကတော့ တောင်ကြီး-ဗထူးပေါ့ဗျာ။ ကျန်တဲ့သူတွေကျတော့ စစ်ကိုင်းကို အပို့ခံရတာပေါ့။ လေယာဉ်နဲ့သယ်တာဗျ၊ ကလေးမှာက လေယာဉ်ရှိတယ်လေ။ ကလေးမှာကျတော့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းရှိတယ်ဆိုတော့ နမခကနေ ပျူတွေကို ရေကြောင်းကနေ ပို့တယ်၊ လေကြောင်းကနေလည်း ပို့တယ်၊ အဲဒါကို ကလေးမှာ သင်တန်းဆင်းတယ်ပေါ့နော်၊ အဲဒီလိုမျိုး လုပ်တယ်။"

ကလေးမြို့မှာ သင်တန်းပေးထားတဲ့ လူငယ်တွေကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက စစ်မြေပြင်တွေဆီ တိုက်ရိုက်ပြန်ပို့နေပြီး လူငယ်တချို့ကတော့ တော်လှန်ရေးအဖွဲ့တွေဆီ ပြန်ထွက်ပြေးလာကြပါတယ်။ 

ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ပုလဲမြို့နယ် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဆီ ထွက်ပြေးလာတဲ့ လူငယ်တယောက်က သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပါတယ်။

စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူတဦးက “ဟုမ္မလင်းမြို့နယ်မှာ ရွှေမျောလုပ်ရင်းနဲ့ တပ်ထဲ ရောက်သွားတာပါ။ ဇာတိက ဘုတလင်၊ ကလေးမြို့တကသ ၁၀၊ ပခုက္ကူ ၂၅၁ ကိုပို့တယ်၊ ရိက္ခာပို့ရောက်လာတပါ။ ကန်နီ ပို့ခဲ့ပြီးပြီ။ သရက်ခွ ပို့ခဲ့ပြီးပြီ။ အဲဒီ ၂ နေရာပဲ ပို့ရသေးတယ်။ ရှမ်းနီက ဆွဲတယ်။ ရဲတွေဆီ ပြန်ရောင်းစားတယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဆီကို ဘက်ပြောင်းလာသူ ၄ ယောက်အထိရှိခဲ့ပြီး အဲ့ဒီအထဲက တယောက်ကပဲ PDF ထဲကိုပြန်ဝင်ပြီး တော်လှန်ရေးဆက်လုပ်နေပါတယ်။

မြေပြင်စစ်ရေး အရေးကြီးတဲ့အချိန်ကို ရောက်နေတာဖြစ်တဲ့အတွက် ဘက်ပြောင်းလာသူတွေကို ကြိုဆိုလက်ခံပေမဲ့ သတိထားပြီး ကိုင်တွယ်နေရတယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဥက္ကာ က ပြောပါတယ်။

“ဟုမ္မလင်းနယ် ရွှေမျောတခုမှာ သူ သွားအလုပ်လုပ်တယ်တဲ့။ အဲဒီမှာ ရှမ်းနီတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်တဲ့။ ရှမ်းနီတွေက ဖမ်းဆီးပြီးမှ ရဲတပ်ရင်းတခုမှာ ငွေကြေးနဲ့ ရောင်းစားခဲ့တယ်။ အဲဒီကနေမှတဆင့် တပ်ထဲကို ရောက်သွားတယ်လို့ ပြောတယ်ဗျ။ ကလေး လေ့ကျင့်ရေးကျောင်း အဲဒီမှာ သုံးလကြာ သင်တန်းတက်ရတယ်တဲ့။ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၁ ပခုက္ကူတပ်ရင်းကို အပို့ခံရတယ်တဲ့။ အဲဒီကနေမှ မြိုင်ဘက်ကို ရိက္ခာကားတန်းနဲ့ ပါလာတယ်။ တပ်ကနေမှ ထောက်လှမ်းရေး လွှတ်တာလား၊ ဒီအခြေအနေမှာက အရေးကြီးနေတော့ လုပ်ထုံးလုပ်နည်း အရတော့ ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ဖေဖော်ဝါရီကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ နိုင်ငံတဝန်းမှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၃၀၀၀ ကျော်ရှိနေတာပါ။ 

စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးသင်တန်းပေးနေတာ အပတ်စဉ် ၉ အထိရောက်ရှိလာပြီး မြေပြင်ကို ပြန်လွှတ်နေပေမဲ့ စစ်ကောင်စီက တပ်သားသစ်တွေကို လက်နက်ခဲယမ်းတွေ ထုတ်ပေးတာ မရှိဘဲ ရိက္ခာသယ်ဖို့နဲ့ အလုပ်ကြမ်းခိုင်းဖို့အတွက် အဓိကထား ရည်ရွယ်အသုံးပြုနေပါတယ်။

သုတချမ်းသာ

ကလေးမြို့
စစ်သင်တန်း
လူငယ်
တန်းမြင့်လေ့ကျင့်ရေးကျောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013