Home
မြန်မာသတင်း
ရွေးကောက်ပွဲနှင့် ပညာရေးအကျပ်အတည်းအပါအဝင် မြန်မာရင်ဆိုင်ရမည့် စိန်ခေါ်ချက် ၆ ချက် UNICEF ထုတ်ပြန်
DVB
·
February 14, 2025

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်ခြေရှိတဲ့  ရွေးကောက်ပွဲ၊ ကလေးငယ်တွေရဲ့ ပညာရေးအခက်အခဲ၊ အာဟာရချို့တဲ့မှု၊ ရေကြီးမှုနဲ့ မြေမြှုပ်မိုင်း အပါအဝင် စိန်ခေါ်မှုတွေနဲ့ စောင့်ကြည့်ကြရမယ့်  အချက် ၆ ချက်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ခြေရှိတဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တခု ဖြစ်လာနိုင်ပေမဲ့  နေရာအနှံ့အပြား ပိုမိုဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ လူပေါင်း ၃ သန်းခွဲ ကျော် စံချိန်တင်နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေ၊ အစုအဖွဲ့အမျိုးမျိုးရဲ့ အပြိုင်အဆိုင် နယ်မြေထိန်းချုပ်မှုတွေနဲ့ သက်ဆိုင်သူတွေအကြား မတူညီတဲ့ အမြင်အမျိုးမျိုးက အလွန်ရှုပ်ထွေးပြီး မသေချာမရေရာသောပတ်ဝန်းကျင်ကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလအတွင်း ဒါမှမဟုတ် ရွေးကောက်ပွဲအပြီး အငြင်းပွားမှုတွေက ပြင်းထန်နေပြီးဖြစ်တဲ့ ပဋိပက္ခကို ပိုမိုအရှိန်မြင့်စေနိုင်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမှာဖြစ်သလို အရပ်သားပြည်သူတွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာ အချိန် ၄ နှစ်တိုင်အောင် ရှိလာ ခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းရေးအရိပ်အယောင် မှေးမှိန်နေသေးတယ်လို့လည်း ဆိုပါတယ်။ 

နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ၁၉ ဒသမ ၉ သန်းသော ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလွန်အမင်းလိုအပ်နေသလို အဲဒီထဲမှာ ကလေးငယ် ၆ ဒသမ ၄ သန်း ပါဝင်ပြီး ဒီပမာဏဟာ မြန်မာကလေးငယ် တွေရဲ့ သုံးပုံတပုံလောက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စောင့်ကြည့်ရမယ့် အရေးပါတဲ့ အချက် တွေထဲမှာ ပညာရေးအကျပ်အတည်းလည်း ပါဝင်နေပြီး ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ၊ အရေးပေါ်ဝန်ဆောင်မှု ပြတ်တောက်မှုတွေကြောင့် မြန်မာကလေးငယ် ၅ သန်းနီးပါး ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရကြရတယ်လို့ UNICEF က ပြောပါတယ်။ 

နောက်တချက်အနေနဲ့ ခြိမ်းခြောက်မှုအောက်ကျရောက်နေတဲ့ ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးရမယ့် အခြေအနေဟာလည်း စိန်ခေါ်မှုတခုအနေနဲ့ ပါဝင်နေပြီး မြန်မာနိုင်ငံက ကလေးငယ် ၁ သန်းကျော်ဟာ ရောဂါတွေက ကာကွယ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်မှာ "ကာကွယ်ဆေး လုံးဝ မရရှိသေးသော" ကလေးတွေ အများဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးတာတွေနဲ့ ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ် တွေကြောင့် မြန်မာနိုင်ငံမှာ အာဟာရဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေသလို အခုနှစ်ထဲ ကလေးငယ် ၅ သိန်း ကျော် ပြင်းထန်အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ်ထောက်ပံ့မှုမရရှိတာကြောင့် အများအပြားဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။

နောက်တချက်အနေနဲ့ကတော့ မြေမြှုပ်မိုင်းအန္တရာယ်ကို ထည့်သွင်းဖော်ပြထားပြီး မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးနိုင်ငံ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁,၀၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိခဲ့သလို မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းတွေ ကြောင့် ကလေးသူငယ်တွေဟာ အချိုးအစားမမျှတစွာ ထိခိုက်ခံစားနေရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း အနည်းဆုံး ကလေး ၂၅၀ ဦး သေဆုံးဒဏ်ရာ ရရှိခဲ့ရာ ကမ္ဘာ့နိုင်ငံတွေထဲ အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ UNICEF က ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးနီးပါးမှာ မြေမြှုပ်မိုင်းတွေ ပျံ့နှံ့နေပြီး နေအိမ်တွေ၊ လယ်ကွင်းတွေနဲ့ ကစားကွင်းတွေဟာလည်း အန္တရာယ်ဇုန်တွေးအဖြစ် ပြောင်းလဲနေပြီ ဖြစ်ကာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မရှိသေးတဲ့အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုက ကလေးတွေရဲ့ လုံခြုံရေး၊ ကလေးဘဝနဲ့ အနာဂတ်ကို ဆုံးရှုံးစေပြီး ဘဝတသက်စာ ဒဏ်ရာဒဏ်ချက်တွေ ကျန်နေရစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

နောက်ဆုံးတချက်အနေနဲ့ အကြိမ်ကြိမ် ဖြစ်လေ့ရှိတဲ့ ရေကြီးရေလွှမ်းမိုးမှုတွေနဲ့ မြင့်တက်လာတဲ့ ရောဂါဖြစ်ပွားမှုအန္တရာယ်တွေကို ထည့်သွင်းဖော်ပြထားပြီး ၂၀၂၃ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်း မိုခါနဲ့ ၂၀၂၄ ခုနှစ်က တိုင်ဖွန်းမုန်တိုင်းယာဂီအပါအဝင် ရာသီဥတုဘေးအန္တရာယ်တွေ၊ နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံက ရေပေးဝေရေးစနစ်တွေ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး မိသားစုတွေ၊ အထူးသဖြင့် နေရပ်စွန့်ခွာစခန်းတွေနဲ့ ချို့တဲ့လူမှုအသိုင်းအဝိုင်းတွေဟာ  ညစ်ညမ်းတဲ့ ရေအရင်းအမြစ် တွေကို အားထားနေရတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေက ကာလဝမ်းရောဂါနဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှာရောဂါလို ရေကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ရေပေးဝေရေးစနစ် ပြန်လည်ထူထောင်ဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေး တိုးတက်စေဖို့နဲ့ အသက်ကယ် တကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေ ပံ့ပိုးပေးဖို့ စတာတွေကို အရေးပေါ်လုပ်ဆောင်ခြင်းမရှိပါက စုပေါင်းသက်ရောက်မှုတွေက ရောဂါဖြစ်ပွားမှုတွေကို ဆက်လက်ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမယ်လို့ UNICEF က ပြောထားပါတယ်။

unicef
မြန်မာ
စိန်ခေါ်ချက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013