Home
အနုပညာ
တေးရေး နိုင်မြန်မာ ကွယ်လွန်
DVB
·
February 7, 2025

ကမ္ဘာမကြေဘူး သီချင်း အပါအဝင် မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်း အမြောက်အမြား ရေးသားခဲ့သူ တေးရေး နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက်၊ သောကြာနေ့မနက် ၇ နာရီ ၄၅ မိနစ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

တေးရေး နိုင်မြန်မာဟာ သန်လျင်မြို့၊ နတ်စင်တရာဘုန်းကြီးကျောင်းအနီး၊ ကွမ်းခြံရပ်ကွက်၊ ဗဟိုလမ်းမကြီးရှိ နေအိမ်မှာ နေထိုင်နေစဉ် ဒီနေ့မနက်က  ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဒေါ်နန်းဆမ်ဆာလွမ်က “ဘာရောဂါမှ ကြီးကြီးမားမားမရှိဘူး။ မနက်ထချိန် ၅ နာရီလောက်မှာ နည်းနည်းမောတယ်၊ ဆေးလိပ်ဖြတ်ထားတာလည်း ၃ ရက်လောက်ရှိပြီ၊ ညင်ညင်သာသာလေး အသက်ထွက်သွားတာ၊ ဘာမှမခံစားလိုက်ရဘူး” လို့ DVB ကို ပြောပါတယ်။

နိုင်မြန်မာရဲ့ စျာပနကို ရေဝေးသုသာန်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး နာရေးကူညီမှုအသင်း ရန်ကုန်က စီစဥ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တေးရေး နိုင်မြန်မာဟာ ၈၈၈၈ အရေးအခင်းကာလက လူသိများကျော်ကြား  ကမ္ဘာမကြေဘူး သီချင်းကို ရေးစပ်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် လွှမ်းမိုး၊ ကိုင်ဇာ၊  စိုးလွင်လွင် စတဲ့ နာမည်ကြီးအဆိုတော်တွေ သီဆိုခဲ့တဲ့ ဒုံးယိမ်းည၊ တူနှစ်ကိုယ်တိုင်းပြည်၊ ချစ်လူမိုက်၊ ပလောင်ဖောင်းရှိုး၊ ရင်တွင်းမေ၊ အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ စတဲ့သီချင်းတွေဟာ အောင်မြင်ကျော်ကြားခဲ့ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းပေါင်း အများအပြား ရေးသားခဲ့ပါတယ်။

အမည်ရင်း ဦးနိုင်ဦးမြင့် ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ကာ ဇနီး ဒေါ်နန်းဆမ်ဆာလွမ်နဲ့ သား ၄ ယောက်၊ သမီးတယောက်နဲ့ မြေး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အကျဉ်းချတာခံထားရတဲ့ အဆိုတော် ဗျူဟာဟာ နိုင်မြန်မာရဲ့ သားတယောက် ဖြစ်ပါတယ်။

တေးရေး နိုင်မြန်မာ အမှတ်တရ DVB ရုပ်သံ

ကမ္ဘာမကြေဘူး
တေးရေး
နိုင်မြန်မာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013