Home
မြန်မာသတင်း
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ရေးဆွဲပြီး
DVB
·
February 4, 2025

ဝန်ကြီးချုပ်စနစ်ကို အခြေခံတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို ရေးဆွဲပြီးဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြေညာထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မရှင်က အခန်း ၁၈ ခန်းပါတဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို ရေးဆွဲပြီးစီးကြောင်း ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဥပဒေမူကြမ်းကို ပိုမိုကောင်းမွန်လာဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရဲ့ အကြံပြုချက်တွေကို ၁ လအတွင်း  ပေးပို့ဖို့အတွက် ပြောဆိုထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးသွားရင်တော့ စစ်ကိုင်းတိုင်းအတွင်း စုဖွဲ့မှုမျိုးစုံဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံး စုစည်းနိုင်သွားမှာဖြစ်သလို ကြားကာလအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အုပ်ချုပ်မှုလေဟာနယ်အတွက်လည်း ကောင်းမွန်စွာ လည်ပတ်နိုင်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို အတည်ပြုပြီးသွားရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လို့ ခေါ်ဆိုမှာဖြစ်ပြီး နယ်နိမိတ် အကျယ်အဝန်းကိုတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပတဲ့နေ့အထိ တည်ရှိခဲ့တဲ့ နယ်နိမိတ်အတိုင်း သတ်မှတ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုရဲ့ နယ်မြေအစိတ်အပိုင်းတခုဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှုကို အခြေခံတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာ အရင်က သတ်မှတ်ခဲ့ပြီးဖြစ်တဲ့ မြို့နယ် ၃ မြို့နယ်ကို  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖွဲ့စည်းပြီး ယူနစ်အတွင်း နေထိုင်တဲ့ နယ်မြေတဆက်တည်းရှိတဲ့ ဌာနေတိုင်းရင်းသားတွေဟာလည်း နောင်ကာလတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒါမှမဟုတ် အမျိုးသားနယ်မြေတည်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဟာ ဝန်ကြီးချုပ်ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ကို ဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်၊ ဖက်ဒရယ်ယူနစ် ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ အပြင် ရှေ့နေချုပ်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအစိုးရအဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေထဲက အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားပြုသူတွေ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုသူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားသူတွေနဲ့ သပိတ်အင်အားစုတွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

အောင်သူ

dvb
ဖွဲ့စည်းပုံ
စစ်ကိုင်းဖက်ဒရယ်ယူနစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013