Home
မြန်မာသတင်း
ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေ
DVB
·
January 13, 2025

ရန်ကုန်မြို့မှာ လူငယ်ပျောက်ဆုံးမှု ၄ မှုထက်မနည်း ဖြစ်ပေါ်နေခဲ့တယ်လို့ လူမှုကွန်ရက်နဲ့ လူပျောက်ကြော်ငြာအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ မြောက်ဥက္ကလာပမြို့နယ်နေသူ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်နဲ့ ရွှေပြည်သာမြို့နယ်နေသူ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသမီးတယောက်တို့ ပျောက်ဆုံးခဲ့ပါတယ်။

ပျောက်ဆုံးလူငယ် မိသားစုဝင်တယောက်က “အမတို့ နယ်ကနေ ခေါ်လာတာ ကလေးက ၁၀ တန်းကျောင်းသား အသက်က ၁၈ နှစ်ပါ။ ဘယ်မှလည်း မသွားတတ်ပါဘူး။ ဒီဇင်ဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲလောက်က အဝေးပြေးနားတင် ပျောက်သွားတာ။ အခု ၃၁ ရက်ကြာပါပြီ။ ပြန်လဲမတွေ့သေးပါဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၇ နာရီ ၄၅ မိနစ်လောက်ကလည်း ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်ဟိန်းဒီပါဇော်ဟာ ကျောင်းသွားရာလမ်းမှာ ပျောက်ဆုံးခဲ့ပါတယ်။

မောင်ဟိန်းဒီပါဇော်ရဲ့ မိသားစုဝင်က “ကလေးက TTC မှာ Grade 10 တက်နေတာ။ YBS 131 လာတော့ တင်ပေးလိုက်တာ။ စိုက်ပျိုးရေးမှတ်တိုင်မှာ ဆင်းတယ်။ မြေအောက်လမ်းကူး နေရာကနေ ဖြတ်သွားတာက ၇ နာရီ ၄၉ မိနစ်။ ကလေးအိတ်ထဲမှာတော့ သုံးလို့ရအောင် ပိုက်ဆံ ၂၀,၀၀၀ နဲ့ ခေါက်အိတ်ထဲမှာ ၁၀ နှစ်ပြည့်မှတ်ပုံတင်လေး ပါသွားတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီခွဲလောက်မှာ လှိုင်သာယာမြို့နယ်နေ အသက် ၂၂ နှစ်အရွယ် ဂျပန်စာမေးပွဲဖြေဆိုသူ မနန္ဒာဦးဝေဟာ လှိုင်မြို့နယ်က MICT Park ရှိ Hissho ဂျပန်စာသင်တန်း စာမေးပွဲသွားဖြေရာက YBS ပေါ်မှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

မနန္ဒာဦးဝေ မိသားစုဝင်တယောက်က “လှိုင်သာယာ ၅ ထိပ်ကနေ YBS 61 စီးသွားတာ။ စာမေးပွဲက ၈ နာရီဖြေရမှာမို့လို့ မနက် ၆ နာရီခွဲကတည်းက ထွက်သွားတာ။ မှတ်ပုံတင်တောင် မပါဘူး။ ခုံနံပါတ်ရယ် ကိုင်ထားတဲ့ Iphone 12 ရယ်ပဲ ပါသွားတာ။ နောက်ဆုံးအဆက်အသွယ်ရတာက မနက် ၈ နာရီခွဲလောက် သူ့သူငယ်ချင်းကို သမိုင်းလမ်းဆုံရောက်ပြီလို့ ဖုန်းဆက်သွားတာ” လို့ ပြောပါတယ်။

ပျောက်ဆုံးလူငယ်တွေကို မိသားစုဝင်တွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ လူပျောက် တိုင်ကြားထားတာ၊ စစ်သားစုဆောင်းရေးတပ်မှာ သွားရောက်စုံစမ်းတာမျိုး ရှိနေသလို ယတြာချေပြီး ပျောက်ဆုံးသူတွေ ပြန်လည်တွေ့ရှိဖို့အတွက် လုပ်ဆောင်နေကြပါတယ်။

ရန်ကုန်
လူငယ်
လူပျောက်ကြော်ငြာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013