Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး စစ်ကောင်စီ စတင်ပြင်ဆင်နေ
DVB
·
January 11, 2025

၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါတယ်။

ဇန်နဝါရီ ၈ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ မဲစာရင်းပြုစုရေး အစည်းအဝေးမှာတော့ ရွေးကောက်ပွဲကော်မရှင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီက ပေးပိုလာတဲ့ လူဦးရေစာရင်းတွေကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) မှာ ထည့်သွင်းထားပြီလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောခဲ့ပါတယ်။

စစ်ကောင်စီက မဲစာရင်း မှန်ကန်တိကျရေးအတွက်ဆိုပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူခဲ့သလို ဒီဇင်ဘာလကုန်မှာ ၅၁ သန်းကျော်ရှိတယ်ဆိုတဲ့ ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်မှာ ၃၂ သန်းကျော်ကိုသာ ကောက်ယူနိုင်ခဲ့ပြီးတော့ ၁၉ သန်းကျော် ကောက်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီအထဲမှာမှ စစ်ကိုင်းတိုင်းမှာတော့ လူဦးရေ ၅ ဒသမ ၂ သန်းအထိကို စစ်တပ်က သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ အများဆုံးအရေအတွက်အနေနဲ့ တွေ့ရပါတယ်။

ဒီလိုမျိုး သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့တဲ့ အများဆုံးအရေအတွက် ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေရှိမရှိကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဒုဥက္ကဋ္ဌ ကိုကျော်ဝေဖြိုးက သုံးသပ်ပြောဆိုပါတယ်။

“စစ်ကိုင်းတိုင်းမှာတော့ သူတို့ စိုးမိုးထားတဲ့ မြို့ကြီးတွေ ရှိတယ်ပေါ့နော်၊ စစ်ကိုင်း၊ ရွှေဘိုပေါ့နော်၊ နောက်ပြီးကျတော့ မုံရွာ၊ ဟုမ္မလင်းပေါ့၊ အဲ့ဒီမြို့ကြီးတွေမှာတော့ သူတို့ ဟန်ပြ ရွေးကောက်ပွဲတော့ လုပ်နိုင်မယ်။ သူကျင်းပလို့ရတဲ့ မြို့နယ်တွေ ခရိုင်တွေက သူ့ဘာသာသူ ချဲ့ထားတာမျိုးတွေ ဖြစ်တယ်။ နောက်ပြီးကျတော့ လူဦးရေအားဖြင့်လည်း လိုရင်လိုသလို တိုးချဲ့လုပ်လို့ရတယ်။ အဲ့ဒီအတွက်ကြောင့် သူတို့ကတော့ ရှိတဲ့နေရာတွေမှာ သူတို့ လုပ်မှာပဲ။ လုပ်တဲ့အတွက် နိုင်ငံရေးထွက်ပေါက်ကတော့ ဖြစ်သွားဖို့ ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကြီး ပြီးသွားလို့မို့ ဒီဘက်ကလူတွေက အကုန်ရပ်သွားကြမှာမှ မဟုတ်တာ။ သူတို့သွားစရာ ရှိတာ ဆက်သွားနေမှာပဲ၊ ဆိုတော့ အခု အားလုံးပြီးသွားပြီ ငါတို့ ဖြစ်လာပြီလို့ လိမ်လို့ ရတဲ့ အခြေအနေလည်း မဟုတ်တော့ဘူး။ တရားဝင်မှု ရသွားပြီလို့ လိမ်လို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ တရားဝင်မှု ရသွားနိုင်တယ်ဆိုတာ အစကတည်းက သူတို့ကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေကတော့ ပြုမြဲပြုမှာပဲပေါ့။ မပြုတဲ့ နိုင်ငံတွေကလည်း ပြုမှာ မဟုတ်ပါဘူး။”

စစ်ခေါင်းဆောင်က အခု ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုက်အခံ အင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။

နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဇန်နဝါရီလ ၈ ရက်က ထုတ်လွင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

မြတ်သဇင်

dvb
ရွေးကောက်ပွဲ
မဲစာရင်းပြုစု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013