Home
မြန်မာသတင်း
သာယာဝတီတွင် သီးနှံစိုက်ခင်းများ ပိုးကျပျက်စီး 
DVB
·
January 10, 2025

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်း ဆောင်းသီးနှံ မတ်ပဲခင်း၊ ပဲတီစိမ်း၊ ပဲငပိ(ပဲပုတ်)ခင်းတွေမှာ မှိုရောဂါအမျိုးမျိုး၊ ဖျက်ပိုးအမျိုးမျိုး ဆိုးဝါးစွာ ကျရောက်နေပြီး ဓာတုဆေးဝါးတွေ ဝယ်ယူအသုံးပြုရာမှာလည်း ဈေးနှုန်း မြင့်မားနေ တဲ့အတွက် ဒုက္ခရောက်နေတယ်လို့  ဒေသခံ တောင်သူတွေထံက သိရပါတယ်။

မတ်ပဲခင်းတွေမှာ အခုနှစ် ဖျက်ပိုးတွေဖြစ်တဲ့ ပင်စည်ထိုး၊ ငမြောင်တောင်၊ ယင်ဖြူများ များစွာကျရောက်နေတဲ့အတွက် ပဲခင်းတွေ ပျက်စီးဆုံးရှုံးနေကြောင်း သာယာဝတီမြို့နယ်၊ စာဖြူစုရွာမှ တောင်သူ တယောက်က ပြောပါတယ်။

“ငမြောင်တောင်တွေက ပိုဆိုးတယ်၊ မတ်ပဲပင်တွေ ကိုက်ဖြတ်စားသောက်ထားတာ အပင်က မကြီးတော့ဘူး၊ ဆေးဖျန်းဖို့ကလည်း ပိုးသတ်ဆေးတဘူး ရှစ်သောင်း၊ ကိုးသောင်းလောက် ဖြစ်နေတာ၊ အဲဒီတော့ ထိထိရောက်ရောက် မဖျန်းနိုင်ဘူး။ ဒီဆေးဈေးတွေနဲ့ ဝယ်ဖျန်းရရင် အကုန်အကျတွေ တအားများမှာ။ မနှစ်က ၄ သောင်းလောက် ဝယ်ရတဲ့ဆေးက အခုနှစ် ခုနှစ်သောင်း အနည်းပဲ၊ ဆေးတွေဈေးကြီးတဲ့နှစ်မှာ ပိုးတွေကလည်း ကျလိုက်တာ၊ ဒုက္ခ ရောက်ရတယ်။”

အခုနှစ် ပဲစိုက်ရာသီမှာလည်း မိုးရွာသွန်းတာတွေ ရှိတာကြောင့် စိုက်ပျိုးချိန်နောက်ကျပြီး မှိုရောဂါတွေလည်း ပိုမိုဖြစ်ပွားပြီး မတ်ပဲပင်တွေ အပင်ငယ်စဉ် သေဆုံးမှုတွေနဲ့ ကြုံတွေ့နေရကြောင်း သာယာဝတီမြို့နယ်၊ ရေကျော်ရွာမှ တောင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

“မတ်ပဲက ၁၁ လပိုင်းထဲလောက်အပြီး လုပ်ရမှာ။ ခုက မိုးကမပြတ်တော့ မြေက စိုနေသေးတယ်လေ။ အဲဒီတော့ ပဲကိုင်ထွန်တာတွေ နောက်ကျပြီ၊ ၁၂ လပိုင်း လလယ်လောက်မှ ပြီးကြတဲ့သူတွေ များတယ်။ နောက်ကျတော့ ပဲတွေ ရောဂါတွေ ပိုဝင်တာပေါ့။ မြေကလည်စို‌တော့ အပင်တွေကျပ်ပြီး မကြီးဘူး၊ အပင်တွေကလည်း သေတယ်။ ခု ဆေးဖိုးတွေ၊ ထွန်ခယက်ခတွေနဲ့ မကုန်ဘူးဆို မတ်ပဲတဧက ၈ သိန်းအနည်းပဲ၊ ပဲက တဧက ၁၀ တင်းမှမထွက်ရင် ရှုံးတယ်။”

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် သွင်းအားစု ကုန်ကျစရိတ်တွေ တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီး ရေကြီးမှု၊ မိုးခေါင်မှု၊ အပူချိန်လွန်ကဲမှုတွေနဲ့ ကြုံတွေ့နေရပြီး သီးနှံစိုက်ခင်းတွေ မအောင်မြင်ဘဲ ဆုံးရှုံးမှုတွေနဲ့ တောင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အခုလို တောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မအောင်မြင်ဘဲ ဆုံးရှုံးမှုတွေ ရှိနေပေမဲ့ အာဏာသိမ်းစစ်ကောင်စီက ကူညီမှုမပေးတဲ့အပြင် တောင်သူတွေထံက စစ်မှုထမ်းငှားရမ်းဖို့အတွက်ဆိုပြီး ငွေကြေးတောင်းခံတာ၊ လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲပြီး စစ်သင်တန်း‌ကျောင်းတွေကို အဓမ္မ ပို့ဆောင်တာတွေ ကြုံတွေ့နေရကြောင်း တောင်သူတွေက ပြောပါတယ်။

dvb
သာယာဝတီ
စိုက်ခင်း
ပိုးကျ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013