Home
မြန်မာသတင်း
၉ လအတွင်း ဆန်တန်ချိန် ၂ သန်း‌ကျော် တင်ပို့ထား၊ ယမန်နှစ်ထက် ၂ ဆကျော်များပြား
DVB
·
January 9, 2025

အခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု အနေနဲ့ ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လတာအတွင်းမှာ တန်ချိန် ၂သန်းကျော် ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၄၈ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၂.၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ရရှိဖို့  မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထားတာပါ။

ဒါကြောင့် အခု ဘဏ္ဍာနှစ် ပထမကိုးလအတွင်းမှာ ဆန်တင်ပို့မှုက တနှစ်စာလျာထားချက်ရဲ့  ရာခိုင်နှုန်း ၈၀‌ ကျော်ထိ တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေအနေနဲ့လည်း လျာထားချက်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ထိ ရရှိထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်  အလားတူကာလမှာတော့ တန်ချိန် ၉ သိန်းခွဲ ဝန်းကျင်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအနေနဲ့ကလည်း အမေရိကန် ဒေါ်လာ ၄၆၂ သန်းသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ထက် ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ သန်းကျော် ပိုမိုတိုးတက် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အနေနဲ့ကလည်း ၄၈၄ သန်း ပိုမိုရရှိခဲ့တာ ‌တွေ့ရပါတယ်။

အခုနှစ်မှာ နိုင်ငံတကာ ဝယ်လိုအားရှိနေတာကြောင့် မြန်မာဆန်ကို အခုလို ပြည်ပတင်ပို့နိုင်တဲ့ အနေအထားရှိနေတာလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ပြောကြားထားပါတယ်။

အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ဧပြီကနေ ဇူလိုင်အထိ လစဉ် တန်ချိန် ၂ သိန်းအောက်သာ တင်ပို့နိုင်ခဲ့ပေမဲ့ ဩဂုတ်လကစလို့ တောက်လျှောက် မြင့်တက်လာတာဖြစ်ပြီး  အောက်တိုဘာလမှာ တန်ချိန် ၄ သိန်းကျော်နဲ့ တင်ပို့မှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆန်ကို ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ဆန်ဝယ်ယူမှု အများဆုံးဖြစ်ခဲ့ပြီး  တရုတ်နိုင်ငံကတော့ ဒုတိယအများဆုံး တင်သွင်းခဲ့ပါတယ်။

တဖက်မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တောင်သူတွေဟာ စပါးကို ပြည့်ဝစွာ စိုက်ပျိုးနိုင်ခြင်းမရှိတာ၊ တချို့ဒေသတွေမှာ ရေကြီးပြီး တချို့ဒေသတွေမှာ မိုးခေါင်လို့ အထွက်နှုန်း လျောကျတာတွေ ဖြစ်နေသလို ပြည်တွင်း ဆန်ဈေးကလည်း မြင့်မားနေပါတယ်။

ဆန်တန်ချိန်
ဘဏ္ဍာနှစ်
ပြည်ပနိုင်ငံ
တင်ပို့
မြန်မာနိုင်ငံဆန်စပါးးအသင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013